Home သတင်း ဖာပွန်မြို့တွင် ဘောလုံးပြိုင်ပွဲလုပ်ရန် ငွေကြေးကောက်ခံမှုများပြုလုပ်နေ

ဖာပွန်မြို့တွင် ဘောလုံးပြိုင်ပွဲလုပ်ရန် ငွေကြေးကောက်ခံမှုများပြုလုပ်နေ

326
Photo: CJ

နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ယနေ့နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ နယ်ခြားစောင့်တပ်(BGF) နှင့် စစ်ကောင် စီတပ်များသည် ဒေသခံပြည်သူများထံမှ ဘောလုံးပြိုင်ပွဲလုပ်ပေးမည်ဟုဆိုကာ ငွေကြေးလိုက်လံကောက်ခံမှု များပြုလုပ်နေကြောင်း ဖာပွန်မြို့ခံထံမှ သိရသည်။

အဆိုပါဒေသတွင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေသည့်အပြင် စစ်ကောင်စီတပ်၏ ရိက္ခာလမ်းကြောင်း များလည်း ပြတ်တောက်နေမှုကြာမြင့်လာပြီးသည့်နောက်တွင် စစ်ကောင်စီတပ်များနှင့် BGF များ အရပ်ဝတ်များ ဝတ်ဆင်၍ မြို့ပေါ်တွင် ဘောလုံးအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးမည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဒေသခံပြည်သူများထံမှ တစ်အိမ်လျှင် ငွေနှစ်သောင်းကျပ်ကောက်ခံနေသည်ဟု ဖာပွန်မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“ပြီးခဲ့တဲ့ တစ်ပတ်ကမြို့ထဲက စခန်းကုန်းတွေက စစ်သားနဲ့ BGF တွေ အပြင်ဝတ်နဲ့ပဲပိုက်ဆံလာကောက်တယ်။ မြို့ထဲမှာ ဘောလုံးပြိုင်ပွဲတွေ၊ အားကစားပွဲတွေ လုပ်ပေးမယ်ပြောပြီး တစ်အိမ်ကို ၂ သောင်းဆီလာ ကောက် သွားတယ်။ အခုထိဘာမှ မတွေ့ရသေးဘူး။ ကျမထင်တာတော့ သူတို့မရှိရှိတာအကြောင်းပြပြီး ပိုက်ဆံ ကောက်သွားတာပဲ။ သေနတ်တွေနဲ့ လာတာဆိုတော့ မထည့်လို့လည်း မရဘူးလေ။ ကိုယ့်ဘာကိုတောင် မနည်းရှာစားနေရတာ။” ဟု ၎င်းမြို့ခံက ကေအိုင်စီသို့ ပြောသည်။

ဖာပွန်ဒေသတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုနှင့် အခြေခံစား သောက်ကုန် ဆန်၊ ဆီ၊ ဆား ပြတ်လပ်မှုများကြောင့် ဒေသခံပြည်သူများမှာ နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပသို့ ထွက်ခွာသွားကြသလို အချို့ ပြည်သူများကလည်း ဖာပွန်မြို့နှင့်နီးစပ်သည့် ဖားအံနှင့် မော်လမြိုင်စသည့် မြို့များသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြရသည်။

ယခုလို ငွေကြေးကောက်ခံမှုများသည် စစ်ကောင်စီစခန်းများအတွင်း ရိက္ခာပြတ်လပ်နေခြင်းကြောင့် ဖြစ်နိုင်သည်ဟု အခြားဖာပွန်ဒေသခံတစ်ဦးက ခန့်မှန်းသုံးသပ်သည်။

၎င်းက “ပိုက်ဆံကတော့ မြို့ထဲမှာပွဲတွေ လုပ်ပေးမယ်ဆိုပြီးလိုက်ကောက်နေတယ်။ သူတို့မိသားစု တွေရိက္ခာပြတ်နေလို့ လိုက်ကောက်တာပဲဖြစ်မယ်။ ရွာတွေ ဘက်တော့ မရောက်လာသေးဘူး။ ဘယ်လို လုပ်ပြီးထည့်နိုင်မှာလဲ။ မိသားစုအတွက်တောင် မနည်းအဆင်ပြေအောင် နေနေရတာလေ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ဖာပွန်မြို့အနီးရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က ပြီးခဲ့သည့်အောက်တိုဘာလပိုင်းကလည်း ဒေသခံ ပြည်သူများ၏ အခြေခံဆန်ရိက္ခာများကို ငွေကြေးမပေးဘဲ အတင်းအဓမ္မသိမ်းယူမှုများ ပြုလုပ်ခဲ့သေးသည်ဟု မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဘက်က စစ်ကောင်စီ၏ ရိက္ခာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားမှုကြောင့် စစ်ကောင်စီတပ်၏ တပ်စခန်းရှိ တပ်မိသားစုဝင်များ အနေဖြင့် ရိက္ခာပြတ်လပ်မှုများရှိလာသည့်အပြင် ဒေသခံပြည်သူများ၏ အခြေခံစားသောက်ကုန်များကို အတင်းအဓမ္မယူဆောင်မှုများနှင့် ငွေကြေးကောင်ခံမှုများရှိနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။