Home သတင်း ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာဒေသများတွင် မျက်စိနာဝေဒနာဖြစ်ပွားမှုများနေ

ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာဒေသများတွင် မျက်စိနာဝေဒနာဖြစ်ပွားမှုများနေ

365

နိုဝင်ဘာ ၂၀ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်/တပ်မဟာ (၇)၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာ ဒေသများတွင် ယခုနိုဝင်ဘာလမှစ၍ မျက်စိနာဝေဒနာဖြစ်ပွားမှုများပြားနေပြီး ကူးစက်မှုနှုန်းလည်း မြန်ဆန် နေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ မျက်စိနာရောဂါသည် အသက်အရွယ်မရွေး ကလေးသူငယ်များမှအစ သက်ကြီးရွယ်အိုများအထိ ဖြစ် ပွားနေပြီး မျက်လုံးများ နီရဲခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ကိုက်ခဲနာကျင်ခြင်းနှင့် မျက်လုံးဖုရောင်ဖောင်းပွခြင်းများ ဖြစ်လာသည်ဟု မျက်စိနာ ဝေဒနာခံစားရသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဒီမျက်စိနာရောဂါက တခြားရွာတွေမှာလည်း ကူးစက်တယ်။ ကလေးရောလူကြီးရော အ ကုန်ထိ တယ်။ ကလေးကကျတော့ သူတို့က ခံနိုင်ရည်ရှိတော့ တစ်ရက်နှစ်ရက်ဆို ပျောက်နေပြီး။ ကျမတို့ လူကြီး တွေကတော့ သုံးလေးရက် တစ်ပတ်ကျော်ကျော်လောက်မှ သက်သာတာ။ နေရထိုင်ရတာလည်း အဆင် မပြေ ဘူး။ နေကာမျက်မှန်တပ်ထားရင် ကြည့်ရတာနည်းနည်းအဆင်ပြေတယ်။ မဟုတ်ရင်မျက်လုံးက အရည်ထွက်ပြီး နီရဲနေရောပဲ။ ဘယ်လိုမှ မျက်လုံးမဖွင့်ချင်ဘူး” ဟု ပြောသည်။

ယခုလတွင် အဆိုပါ ဒေသများတွင် စပါးရိတ်သိမ်းကာလဖြစ်၍ ဒေသခံရွာသားများအနေဖြင့် မျက်စိနာ ဝေဒ နာဖြစ်ပွားမှု များပြားလာနေခြင်းကြောင့် စပါးရိတ်သိမ်းရန်အတွင် အချိန်နှောင့်နှေးကြန့်ကြမှုများ ဖြစ်နေ ကြောင်း ထီးဝါးခိုကျေးရွာဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ကျမတို့ရွာမှာဆိုရင် အများအားဖြင့် လယ်အလုပ်နဲ့ မွေးမြူရေးလုပ်ကိုင်တာများတယ်။ အခုလိုမျက်စိ နာ တော့ စပါးရိတ်မယ်မပြောနဲ့ အပြင်ထွက်ရင် လေတိုက်တော့ဖုန်မှုန့်တွေနဲ့ မျက်လုံးထဲဝင်တာ ဘယ်လိုမှ အဆင်မပြေဘူး။ စပါးအသီးကြွေ ကျမှာလည်းစိတ်ပူရတယ်” ဟု ထို ထီးဝါးခိုကျေးရွာ ဒေသခံက ပြောသည်။

မျက်စိနာရောဂါသည် ဗိုင်းရပ်စ်နှင့်ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်းကြောင့် မိုးရာသီနှင့် ရာသီအကူး အပြောင်းကာလအတွင်းနှင့် အပူအအေးမမျှတသည့် အချိန်တို့တွင် ကလေး၊ လူကြီးမရွေးဖြစ်ပွားလေ့ရှိ သလို လက်မှတဆင့်ကူးစက်မှုမြန်ဆန်သဖြင့် လူစုလူဝေးသို့ သွားခြင်းမှ ရှောင်ကြဥ်ရန်နှင့်မျက်စိနာ‌ ရောဂါ ဖြစ်ပွား လာပါက လက်ဖြင့်ထိကိုင်ခြင်းမပြုလုပ်ဘဲ သန့်ရှင်းစွာထားရမည်ဟု ဒေသတွင်း ကျန်မာရေး တာဝန် ရှိသူ များက ပြောသည်။

အလားတူကဲ့သို့ ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း ကရင်ပြည်နယ်မြောက်ပိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာဒေသများတွင် မိုးနှောင်းကာလအတွင်း ယခုလိုမျက်စိနာ ဝေဒနာများ ဖြစ်ပွားခဲ့သည်ဟု ဒေသအခြေစိုက် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီများ၏ ပြောကြားချက်အရ သိရသည်။