Home သတင်း နတ်သံကွင်းဘုန်းကြီးကျောင်းရှိ စစ်ကောင်စီတပ်များအတွက် ကူပစ်ပေးသောလက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

နတ်သံကွင်းဘုန်းကြီးကျောင်းရှိ စစ်ကောင်စီတပ်များအတွက် ကူပစ်ပေးသောလက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

261
Photo: CJ

နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ရှိ စိန်ပန်းဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များ နိုဝင်ဘာလ(၁၈)ရက်၊ ယမန်နေ့တွင် ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရသဖြင့် အနီးရှိစစ်တပ်ဂိတ်မှ လက်နက်ကြီးများပစ်ကူတိုက်ခိုက်ပေးမှုကြောင့် နတ်သံကွင်းမြို့နေ ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းက နတ်သံကွင်းမြို့ပြည်သူ့ဆေးရုံအနီးရှိ စိန်ပန်းဘုန်းကြီးကျောင်းအတွင်း တပ်စွဲ နေထိုင်နေသော စစ်ကောင်စီတပ်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဗုံးနှစ်လုံး ကြဲချတိုက် ခိုက်သဖြင့် နတ်သံကွင်းတံတားရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများ ပစ်ကူတိုက်ခိုက်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုလက်နက်ကြီးကျည်စထိမှန်သည့်အတွက် အမည်မသိရသေးသော ရွာသားတစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရသလို နောက်ထပ်ရွာသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နတ်သံကွင်းမြို့ခံ တစ်ဦးက ယခုလိုပြောပြသည်။

“မနေ့ညနေ မိုးမချုပ်ခင်လေးကပဲဖြစ်တာ။ နတ်သံကွင်းဆေးရုံနားက ဘုန်းကြီးကျောင်းမှာ သူတို့ တွေ (စစ်တပ်)ရှိတယ်လေ။ သူတို့ကို ဒရုန်းနဲ့ဗုံးသီးနှစ်လုံးလာပစ်ချတယ်။ ပြီးတာနဲ့ နတ်သံကွင်း တံတားဘက် ကနေ လက်နက်ကြီးနဲ့ပြန်ပစ်တာ အထက်တန်းကျောင်းနားလောက်ဖြစ်မယ်၊ အဲ့ဘက်ကိုကျတယ်။ ပြီးတော့ လက်နက်ကြီးထိလို့ ရွာသားတစ်ယောက် ချက်ချင်းသေသွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာရတယ်။ ထိတဲ့သူသေတဲ့သူက ကျားလား၊ မလားတော့ မသိရသေးဘူး။”ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ-ကရင့်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ နတ်သံကွင်းမြို့နှင့်အနီးတွင် ယခုနှစ် ဇွန်လ ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် မြို့အတွင်းစစ်တပ်က ခြေကုပ်ယူထားပြီး အစစ်အဆေးတင်းကြပ်ထားသည့်အတွက် ယနေ့အချိန်ထိ ဒေသခံအများစုမှာ နေရပ်ရွှေ့ပြောင်းနေကြဆဲဖြစ်သည်ဟု လက်ရှိမြို့အတွင်းနေထိုင်သူများ ထံမှ သိရသည်။

Photo: BPLA

ဒရုန်းဗုံးပစ်ချခံရသဖြင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိမရှိကိုမူ ကေအိုင်စီ-ကရင်သတင်းဌာန အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ထို့အတူ ယခုရက်ပိုင်းအတွင်း နတ်သံကွင်းနှင့်အနီးတစ်ဝိုက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပြန်လည် လှုပ်ရှားမှုရှိလာသဖြင့် နယ်မြေစစ်ရေးတင်းမာမှုနှင့်တိုက်ပွဲများဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံအချို့က ခန့်မှန်းပြောဆိုနေကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၇)ရက်နေ့ကလည်း ကေအဲန်ယူနယ်မြေ ရွှေကျင်(ဆောထိ)မြို့နယ် ကျားချောင်း ရွာ အနီးရှိ စစ်တပ်အခြေစိုက်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအများအပြား သိမ်းယူနိုင်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့တွင် ပါဝင်သူဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)က သတင်းထုတ်ပြန်ထားသည်။