နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ရှိ အချို့ရပ်ကွက်များတွင် အခြားမြို့များမှ လာ ရောက်စစ်ဘေးတိမ်းရှောင်နေရသည့် အိမ်ငှားနေထိုင်သူများအား စစ်ကောင်စီက ဧည့်စာရင်းနှင့် ဖုန်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်မှာ ယခုနိုဝင်ဘာလအတွင်း ပိုမိုများပြားလာနေကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
သံတောင်ကြီး၊ ရေတာရှည်၊ မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်များဘက်မှ နယ်မြေမငြိမ်မသက် မှုများကြောင့် တောင်ငူမြို့ (၁၉)ရပ်ကွက်၊ (၂၀)ရပ်ကွက်၊ (၂၃)ရပ်ကွက်များသို့ လာရောက်တိမ်း ရှောင်နေကြရသူ စစ်ဘေးရှောင်အများအပြားရှိနေပြီး အချို့က သာသနာပိုင်အဆောက်အဦးများတွင် နေထိုင်ကြသော်လည်း အချို့မှာ အိမ်ငှားနေကြရခြင်းဖြစ်သည်။
ထိုအိမ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ညအချိန်မရွေးဝင်ရောက် ဧည့်စာရင်းစစ်ဆေးသည့်အပြင် ဖုန်းများလည်း အစစ်ဆေးခံနေ ရသည်ဟု တောင်ငူမြို့ခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။
“စစ်ရှောင်လက်ခံတဲ့အိမ်၊ စစ်ရှောင်နေရာချပေးတဲ့နေရာတွေရော ငှားနေတဲ့အိမ်တွေကို အများ အားဖြင့် ဝင်စစ်တယ်။ ဖုန်းရောဧည့်စာရင်းရောပေါ့၊ ဖုန်းကတော့အသေစစ်တယ်။ စစ်ရှောင်ရင်းအိမ် ငှားနေရတဲ့ အိမ်တစ်အိမ်ဆို မိန်းကလေးတွေချည်းနေတာကို နင်တို့ ယောကျ်ားတွေရော၊ PDF လုပ်ကြတယ်မလားတဲ့ဆိုပြီး အမေးခံရတာအခြားနေရာတွေဆိုလည်း ညဘက် ၂ နာရီ ၃ နာရီလောက်ဆို ရှောင်တခင်ဆိုပြီး လာစစ်တယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။
ထို့အတူ ကရင်တိုင်းရင်းသားအများစု နေထိုင်သော (၁၉)နှင့် (၂၃)ရပ်ကွက်များအတွင်း ဝင်ရောက် စစ်ဆေးခြင်း၊ (၂၀)ရပ်ကွက်ရှိ ပကူးသာသနာဝင်းတွင် နေရာချထားသော စစ်ဘေးရှောင်များကို စစ်ဆေးခြင်းများလည်းရှိခဲ့သေးကြောင်း မြို့နေပြည်သူများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း တောင်ငူလေတပ်စခန်းမှ စစ်လေယာဥ်များအတက်အဆင်းများသလို မြို့အတွင်းရှိ စစ်တပ်ဂိတ်စခန်းများအနီး မသင်္ကာဖွယ်ရာတွေ့ရှိပါက သေနတ်ပစ်ဖောက်ခြင်း ရှိနေ သည်ဟု နောက်ထပ် တောင်ငူမြို့ခံတစ်ဦးက ပြောသည်။
“(၂၃) (၂၀)ရပ်ကွက်ဘက်တွေကို စစ်တာကြားတယ်။ စစ်တောင်းတံတားနားက ရပ်ကွက်တွေပေါ့။ ပြီးတော့ (၁၆)ရက်နေ့ကလည်း ဒရုန်းတွေ့လို့ဆိုပြီး ညဘက်ကြီးဆယ်နာရီလောက် သေနတ် ပစ်ဖောက်သံကြားသေးတယ်။ စစ်လေယာဥ်တွေတော့ ခေါက်ချီသယ်နေတာ တစ်စီးပြီးတစ်စီး လူနာတွေသယ်နေတာဆိုပြီး တချို့ပြောသံတော့ကြားတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းဌာနချုပ်သည် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ နယ်မြေများဖြစ်သော တပ်မဟာ(၂) /တောင်ငူခရိုင်နှင့် တပ်မဟာ(၃) ညောင်လေးပင်ခရိုင်တို့တွင် နယ်မြေခံတော်လှန်ရေးအင်အားစုများ ဖြစ်ပွားသည့်တိုက်ပွဲအချို့အတွင်း လေကြောင်းပစ်ကူမှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ(၁၇)ရက်နှင့်(၁၈)ရက်တို့တွင်လည်း တောင်ငူမြို့ (၄)မိုင်ရှိ စစ်ကောင်စီတပ်စ ခန်းဝင်ရောက်တိုက်ခိုက်ခံရမှုတွင် အဆိုပါ လေတပ်မှ လေကြောင်းပစ်ကူမှုပေးခဲ့သဖြင့် (၄)မိုင်အနီး ကျေးရွာများမှ ဒေသခံများ ကျည်ထိမှန်သေဆုံးခဲ့သေးသည်။
ထိုတိုက်ပွဲကြောင့် တောင်ငူမြို့အဝင်အထွက်ကို စစ်ကောင်စီဘက်က တင်းကြပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။