Home သတင်း ချောင်းနှစ်ခွတံတားဖျက်ဆီးခံရပြီးနောက် ဒေသခံများ လူမှုဘဝခက်ခဲလာ

ချောင်းနှစ်ခွတံတားဖျက်ဆီးခံရပြီးနောက် ဒေသခံများ လူမှုဘဝခက်ခဲလာ

584
Photo: CJ

နိုဝင်ဘာ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတား ဖျက်ဆီးခံလိုက်ရပြီး သွားလာ၍ မရတော့သဖြင့် နေ့စဉ်စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ချောင်းနှစ်ခွတံတားဖျက်ဆီးခံလိုက်ရခြင်းဖြစ်ပြီး ယခုအချိန်တွင် သွား‌ရေးလာရေးအပြင် အရေးကြီးသော ကျန်းမာ ရေးကိစ္စ ပေါ်ပေါက်လာလျှင် အခက်အခဲများစွာကြုံတွေ့နေရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“တံတားက လုံးဝသွားလာလို့ မရတော့ဘူး။ သွားလာလို့မရတော့ စားဝတ်နေရေးလည်း ခက်ခဲလာတာပေါ့။ သွားလို့ရတဲ့လမ်းကြောင်းကနေ အဝေးကြီးသွားရတော့ လမ်းခရီးက ကြန့်ကြာတယ်။ ငါးမိနစ်လောက်သွားရတဲ့ဟာကို တစ်နာရီလောက် သွားရတယ်။ အရေးပေါ်ကျန်းမာရေးကိစ္စဆို တော်တော်လေး အဆင်မပြေတော့ဘူး”ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

ချောင်းနှစ်ခွတံတား ဖျက်ဆီးခံရသည့်အပြင် ယနေ့အချိန်အထိ တော်လှန်ရေးပူး ပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်ထိ တွေ့မှုတိုက်ပွဲ များရှိနေသေး သဖြင့် ဝင်ထွက်သွားလာရာတွင် အသက်အန္တရာယ်များရှိနေပြီး လက်ရှိ ကုန်ပစ္စည်းများလည်း အဆမတန်ဈေးနှုန်းမြှင့်တက်ကာ ပြတ်လပ်မှုများလည်း ရှိလာနေကြောင်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ခံများက ပြောသည်။

Photo: CJ

ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက “ပစ္စည်းက ဈေးတက်တယ်။ ပြတ်လပ်တယ်။ လွန်ခဲ့တဲ့ သုံးရက်ကဆို ဆီ(လောင်စာဆီ) တစ်မြို့လုံးနီးပါးပြတ်တယ်။ အခုလည်း ဆီကပြတ်လိုက် ၊ ပြန်ရောက်ရင်ပြန်ရောင်းလိုက် ပုံမှန်မရှိဘူး။ အခြားစား သောက် ကုန်က မပြတ်လပ်ဘူး။ ဈေးတွေတော်တော်တက်တယ်”ဟု ပြောသည်။

လက်ရှိတွင် ချောင်းနှစ်ခွကျေးရွာမှ ရွာသားများအားလုံး တိုက်ပွဲကြောင့် ဘေးလွတ် ရာတစ်နေရာစီ ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲဖြစ်ပွားမှုအတွင်း ရွာသားထိ ခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများရှိသော်လည်း စာရင်းအတိအကျ မသိရှိရ သေးကြောင်း ထွက်ပြေးတိမ်းရှောင်သူ ရွာသားများက ပြောသည်။

ချောင်းနှစ်ခွတံတားဖျက်ဆီးခံရမှု နှင့်ပတ်သက်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီထောက်ခံသူတို့အကြား အပြန်အလှန်စွပ်စွဲပြောဆိုကြပြီး တံတားကို မည်သည့်အဖွဲ့က ဖျက်ဆီးခဲ့သည်ကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။