နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၂)ရပ်ကွက် မြို့တော်ဦးပိုင်းတွင် ယမန်နေ့ ည ၁၀ နာရီခွဲအချိန် ၌ စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း -ခလရ (၉၇)က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲသဖြင့် မြေးအဖိုးနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကော့ကရိတ်မြို့ခံ ပြည်သူများက ပြောသည်။
အမည်မဖော်လိုသူ မြို့ခံတစ်ဦးက “ည ၁၀ နာရီခွဲမှာဖြစ်တာ၊ အားလုံး ၄ ယောက်ထိတယ်။ အသက် ၇၅ နှစ်ရှိတဲ့ ဦးထွန်းရင် (ခေါ်)ဦးကုလားနဲ့ သူ့မြေး ၁၇နှစ် ဖြိုးမင်းခန့် နှစ်ယောက်က သေသွားတယ်။ လက်နက်ကြီးတအားပစ်ထုတ်တော့ ဘယ်သူမှ သွားကြည့်လို့မရဲဘူး။ အခုလည်း ပစ်ထုတ်နေတုန်းပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ထိခိုက်သေဆုံးမှုတွင် KNU/PDF တို့ ပစ်လိုက်သည့် လက်နက်ကြီးကြောင့်ဟု တပ်ထောက်ခံသူများက ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် ရေးသားဖော်ပြကြသော်လည်း ကော့ကရိတ်မြို့ခံပြည်သူများကမူ ခလရ (၉၇)တပ်က ပစ်ထုတ်လိုက်သည့် လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးရခြင်းဖြစ်ကြောင်း ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။
ကော့ကရိတ်မြို့တွင် နေ့စဉ်လိုလို လက်နက်ကြီးပစ်ခတ်မှုများကြောင့် မြို့ခံပြည်သူများမှာစိုးရိမ်မှုမြင့် တက်နေပြီး ငွေကြေးတတ်နိုင်သူအချို့က နီးစပ်ရာ အသိမိတ်ဆွေ၊ ဆွေမျိုးများထံတွင် သွားရောက်တိမ်းရှောင်နေကြသော်လည်း စစ်ဘေးရှောင်စခန်းများသီးသန့်စီစဉ်ထားခြင်း မရှိသဖြင့် တိမ်းရှောင်ရန်အခက်အခဲရှိသည့် မြို့ခံအများစုမှာ ကော့ကရိတ်မြို့တွင်း၌ ဆက်လက်နေ ထိုင်ကြဆဲဖြစ်သည်။
ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်မှ နေစဉ်နှင့်အမျှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများလုပ် ဆောင်နေသည့်အတွက် ယခုလ နိုဝင်ဘာလအတွင်း စစ်တပ်လက်နက်ကြီးကြောင့် ကော့ကရိတ်မြို့တွင် အရပ်သားပြည်သူ (၅)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၂)ဦးရှိကြောင်း မြို့ခံများ၏ ပြုစုထားသော စာရင်းအရ သိရသည်။