Home သတင်း ကရင်နီစစ်ဘေးရှောင်များ မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံနိုင်ကြောင်း PNLO ထုတ်ပြန်

ကရင်နီစစ်ဘေးရှောင်များ မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံနိုင်ကြောင်း PNLO ထုတ်ပြန်

515
Photo: PNLO Info

နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ရှမ်းပြည်နယ်အတွင်းသို့ စစ်ဘေးတိမ်းရှောင်လာကြသူများအနေဖြင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံနိုင်ကြောင်း ယမန် နေ့ နိုဝင်ဘာလ(၁၇)ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုသည်။

ကရင်နီစစ်ဘေးရှောင်များအတွက် PNLO အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA)နှင့်အညီ လူသားချင်းကူညီစာနာရေးအထောက်အပံ့များပေးရန် ရည်ရွယ်၍ “ကူညီကယ် ဆယ်ရေး အဖွဲ့”ကို ဖွဲ့စည်းထားပြီး စစ်ရှောင်များ၏ လုံခြုံရေးနှင့်စားဝတ်နေရေးအတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့ သွားမည်ဖြစ်ကြောင်း ထိုကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ ဆရာခွန်ထွန်းက ယခုလိုပြောသည်။

“လာရောက်ခိုလှုံမယ့် စစ်ရှောင်တွေအတွက်ကတော့ သိပ်အပြည့်စုံကြီးတော့ ပြင်ဆင်ထားနိုင်တာမဟုတ်ဘူး ။ အရေးပေါ်အနေနဲ့လုပ်ရတာဖြစ်တော့ အကြမ်းဖျင်းတော့ ပြင်ဆင်ထားပါတယ်။ ကျန်းမာရေးအနေနဲ့ က လည်း ရှိတဲ့ကျန်းမာရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ထားတယ်။ ကျနော်တို့ရဲ့နယ်မြေထဲကို လာဖို့တော့ စစ်ရှောင် တွေအတွက်တော့ မလွယ်ကူပါဘူး။ အခက်အခဲရှိတဲ့အကြောင်း ပြောသံကြားပေမယ့် ကျနော်တို့ဆီ ပြောလာသေးတာမရှိဘူး။ သူတို့လမ်းကြောင်းနဲ့ သူတို့လာမယ်လို့တော့ ပြောလာတယ်” ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာလ(၁၁)ရက်နေ့မှ စတင်ခဲ့လာသော ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ လွိုင် ကော်မြို့ သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက မြို့အတွင်းသို့ လက်နက်ကြီးနှင့်လေကြောင်း အသုံးပြုတိုက်ခိုက်လျက်ရှိရာ မြို့ခံများနှင့် တော်လှန်ရေးအဖွဲ့များမှ မြို့အတွင်းပိတ်နေသူများကို ကူညီကယ်ထုတ်ပေးနေကြရသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။

ထိုသို့ စစ်ရှောင်များအား ကူညီကယ်ထုတ်ရာတွင် စစ်ကောင်စီတပ်က ကယ်ဆယ်ရေးယာဥ်တန်းအချို့အား လေကြောင်းဖြင့် လိုက်လံပစ်ခတ်မှုများရှိနေကြောင်းလည်း စစ်ရှောင်ကူအဖွဲ့များထံမှ သိရသည်။

စစ်ဆင်ရေးမတိုင်ခင်လည်း ကရင်နီစစ်ရှောင်နေရာအချို့ကို စစ်တပ်ကပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဒေသခံနှင့် စစ်ရှောင်များ ထိခိုက်သေဆုံးမှုရှိခဲ့သဖြင့် PNLO ၏ ကယ်ဆယ်ရေးနေရာများတွင် လုံခြုံရေး အာမခံချက်ရှိမရှိကို ကေအိုင်စီက မေးမြန်းရာတွင် အဖွဲ့တာဝန်ခံ ဆရာခွန်ထွန်းက ဆက်ပြောသည်။

၎င်းက “စစ်ရှောင်နေရာတွေကို စစ်တပ်က ပစ်ခတ်တာတွေ မလုပ်ဖို့ကတော့ အပေါ်မှာသူတို့ ဘယ်လို ညှိနှိုင်းထားလဲတော့ မသိဘူး။ အောက်ခြေမှာတော့ ဒါမျိုးတွေမလုပ်ဖို့ ညှိညှိနှိုင်းနှိုင်း လုပ်ထားပါတယ် ။ အာမခံချက်ပေးလို့ရတဲ့အနေအထားတော့ မဟုတ်ဘူး။ စစ်တပ်အနေနဲ့လည်း NCA အပေါ်မှာ လက်မှတ်ထိုး ထားတဲ့အတူတူ လူသားချင်းစာနာတဲ့အနေနဲ့ အောက်ခြေမှာ ကျနော်တို့ တိုင်ပင်ဆွေးနွေးထားပါတယ်” ဟု အဆိုပါ တာဝန်ခံက ပြောသည်။

ကရင်နီပူးပေါင်းတပ်များ၏ စစ်ဆင်ရေးအတွင်း စစ်တပ်၏ပစ်ခတ်မှုများကြောင့် အရပ်သား(၁၅)ဦး ထက်မနည်းသေဆုံးခဲ့ပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာဦးဆောင်သော PNLO အဖွဲ့သည် စစ်ကောင်စီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် တစ်ဖွဲ့အပါအဝင်ဖြစ်သလို လက်ရှိအချိန်ထိ စစ်တပ်က ဖိတ်ခေါ် သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့- PPST ၏ အဖွဲ့ဝင်အနေဖြင့် တက်ရောက်လိုက်ပါဆွေးနွေးလျက်ရှိနေသော အဖွဲ့လည်းဖြစ်သည်။