Home သတင်း လေးကေကော် စစ်တပ်အမြှောက်ကုန်း စနိုက်ပါနှင့် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှာကို စိုးရိမ်နေ

လေးကေကော် စစ်တပ်အမြှောက်ကုန်း စနိုက်ပါနှင့် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှာကို စိုးရိမ်နေ

901
Photo: Crd.

အောက်တိုဘာလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ်အနီးရှိ စစ်တပ်အ‌‌မြှောက်ကုန်းစခန်း (စွယ်တော်ကုန်း) စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ၏ စနိုက်ပါတပ်ဖွဲ့ နှင့် ဒရုန်းတပ်ဖွဲ့တို့လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေကြကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်း အရင်းအမြစ်ပြောစကားအရ သိရသည်။

ယခုအောက်တို့ဘာလဆန်းရက်ပိုင်းအတွင်း KNLA ပူးပေါင်းတပ်များဘက်က စစ်တပ်အမြှောက်ကုန်းကို စနိုက်ပါလက်ဖြောင့်တပ်ဖွဲ့များ စောင့်ကြည့်ပစ်ခတ်မှုများရှိနေပြီး စစ်စခန်းအတွင်း ထိမှန်သေ ဆုံးဒဏ် ရာရရှိမှုရှိသလို စစ်စခန်းကုန်းရှိ စစ်သားများဆီဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်နေကြကြောင်း စခန်းကုန်းနှင့် နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

“အခုဒီရက်ထဲ PDF ကရင်အဖွဲ့ တွေ စနိုက်ပါထောက်ထားပြီး လာလာပစ်တာမှာ စစ်တပ်က သေတာ ထိတာရှိတယ်။ အနည်းဆုံး ၃ ယောက်လောက်ရှိတယ်။ အဲ့တာ ဘယ်ကပစ်မှန်းမသိတော့ လက်နက်ကြီး ပစ်ထုတ်တယ်။ သူတို့စခန်းပတ်ချာလည် လေးကေကော်ပန်းခြံကုန်းဘက်၊ ရသေ့ဂူရွာဘက်၊ လေးကေ ကော်သင်္ချိုင်းကုန်းဘက်၊ ဖလူးရွာတောင်ယာလမ်းဘက်တွေမှာ စစ်တပ်ကမြေမြှုပ်မိုင်းတွေ ထောင်ထား တယ်။ ရွာသားဆိတ်တွေ၊ နွားတွေ ခဏခဏ မိုင်းနင်းပြီးသေတာတွေရှိနေတယ်။ ”ဟု ၎င်းနီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် အမြှောက်ကုန်း စစ်စခန်းဒရုန်းဗုံးကြဲချမတိုက်ခိုက်ခံရရေး မီးစက် ၂၄ နာရီပတ်လုံး ဖွင့် ထား ကာ ရေဒီယိုလှိုင်းဖြတ်စက် (Jammer )များ လွှင့်ထုတ်ပြီး ဒရုန်းလာပျံဗုံးချမရအောင် စက်ဖွင့် ထားရကြောင်းလည်း မြေပြင်စစ်ရေးသတင်းအရင်းများက ပြောသည်။

လတ်တလော KNU တပ်မဟာ ၆နယ်‌မြေရှိ KNLA ပူးပေါင်းများအနေဖြင့် ဝေါလေ၊ ဥကရိထ၊ ကြာအင်း ဆိပ်ကြီး၊ ကျိုက်ဒုံ၊ ကျိုက်မရော၊ တောင်ကြာအင်း၊ ကျုံဒိုး၊ ကော့ကရိတ်ဒေသများတွင် စစ်ကောင်စီ တပ်စခန်းများ၊ စစ်‌ကြောင်းများအား ပြောက်ကျားတိုက်ခိုက်မှုနေ့စဉ်လိုလို ပြုလုပ်လျက်ရှိသလို စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်သည့် လက်နက်ကြီးကျပေါက်မှုကြောင့် အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများဆက်ရှိနေကြောင်း ဒေသအတွင်းစစ်ရေးနှင့် စစ်ရှောင်ဒေသခံများအရေး အကူအညီပေးနေသူများထံမှ သိရသည်။

“ဒီရက်က ကြာအင်းဆိပ်ကြီး၊ တောင်ကြာအင်း၊ ကျုံဒိုး တို့ဘက်က စစ်တပ်၊ ရဲစခန်း၊ အုပ်ချုပ်ရေးရုံးတွေ ဘက်ကို ကရင်အဖွဲ့တွေကတော့ ဒရုန်းနဲ့ တိုက်တာ ဗုံးချတာရှိတယ်။ စစ်တပ်က အမြှောက်လက်နက် ကြီးနဲ့ ပစ်တာရှိတယ်။ နှစ်ဖက်မြေပြင်မှာ တိုက်တာတော့မရှိဘူး။ မနေ့က ကြာအင်းဆိပ်ကြီးမှာလည်း လက်နက်ကြီးပစ်ထုတ်နေတော့ အဲ့ဒီက ရွာသားက ဘယ်လိုနေ၊ ဘယ်လိုရှောင်ရမလဲမသိတော့ဘူး ဖြစ်ကုန်တယ် ”ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

လက်ရှိ ကရင်ပြည်နယ်တွင် ဖားအံမြို့နှင့် လှိုင်းဘွဲမြို့ တိုက်ခိုက်မခံရရေး စစ်ကောင်စီဘက်က နယ်မြေခံ ပြည်သူ့စစ်၊ ကရင်နယ်ခြားစောင့်တပ်၊ အပစ်ရပ်လက်နက်ကိုင်အဖွဲ့နှင့် ပူးပေါင်းပြီး စစ်ရေးအရှိန်မြှင့်၊ လုံခြုံရေးတိုးမြှင့် လုပ်ဆောင်နေသလို KNLA ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်တိုက်ခိုက်လာနေကြောင်း နယ်မြေခံစစ်ရေး သတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။