Home သတင်း ရေးမြို့နယ်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၄၀ ဦးသေဆုံးကြောင်း ဒေါနစစ်ကြောင်းထုတ်ပြန်

ရေးမြို့နယ်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၄၀ ဦးသေဆုံးကြောင်း ဒေါနစစ်ကြောင်းထုတ်ပြန်

820

အောက်တိုဘာလ ၂၁ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၄၀ ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းက ယနေ့တွင် သတင်းထုတ်ပြန် ထားသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ရေးတံတားဂိတ်ပေါ်သို့ စစ်အင်အား ၁၀၀ ခန့် ဖြည့်တင်း လာသည့်အတွက်ကြောင့် ရေးပြောက်ကျားတပ်ဖွဲ (YGF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF) နှင့် ABSDF တပ်ရင်း (၁)တို့ ပူးပေါင်းပြီး Sniper၊ လက်နက်ကြီး၊ ချေမှုန်းရေးတပ်ဖွဲများနှင့်အတူ တိုက်ပွဲ ကြာချိန် ၃ နာရီခန့် ပူးပေါင်းတိုက်ခိုက်ခဲ့ဖြစ်သည်ဟု ဒေါနစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဖက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၄၀ ဦးခန့်သေဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး ၆၀ မမ၊ ၈၁ မမ ၊ ၄၀ မမများဖြင့်ပြန်လည်ပစ်ခတ်ခြင်းကြောင့် တော်လှန်ရေးပူး ပေါင်းတပ်ဘက်မှ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကာ ၂ ဦးစိုးရိမ်ရသည်ဟု ဒေါနစစ်ကြောင်းက ထုတ်ပြန် ထားသည်။

ရေးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက “မနေ့ကတိုက်ပွဲက တော်တော်ကြီးတယ်။ ကျနော်တို့က တိုက်လိုက် စကစဘက်က ခြုံခိုတိုက်လိုက်နဲ့ ပွဲတော်တော်ကြာတယ်။ ကျနော်တို့ဘက်က ထိခိုက်မှုရှိ သလို စကစ ဘက်ကတော့ သေဆုံးမှုတွေ ထိခိုက်တာတွေပိုများတယ်။ နောက်လည်း တိုက်ပွဲတွေက ပိုပြီးရှိလာနိုင်တာမို့ ပြည်သူတွေလည်း သတိထားနားစွင့်ပြီး နေကြဖို့ ပြောချင်ပါတယ်” ဟု ကေအိုင်စီ ပြောသည်။

ဒေါနစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ ရေးမြို့နယ်တံတားဂိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၈ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို နီးစပ်ရာဆေးခန်းသို့ ပြန်လည်ပို့ ဆောင်စဉ် ကျုံလောင်နှင့် ဝဲပေါင်ကျေးရွာအကြားရှိ ကားလမ်းဘေးရာဘာခြံတွင် ထပ်မံဖြစ်ပွားသည့် တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ ၂၇ ဦးသေဆုံးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိသည်ဟု ဆက်လက်ဖော်ပြထားသည်။

၎င်းတိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီတပ်၏ထိခိုက်ကျဆုံးမှုများနှင့် လက်နက်ခဲယမ်း သိမ်းဆည်း ရမိသည့် အရေအတွက်များကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန် ထားခြင်းမရှိသေးကြောင်းတွေ့ရသည်။

အလားတူ မွန်ပြည်နယ် ရေးမြို့နယ်ရှိ အဝေးပြေး လမ်းပိုင်းတချို့ရှိ အသွားအလာယာဉ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များမှ စစ်ဆေးမှုများ ပြုလုပ် နေသလို စစ်ကောင်စီ တပ်များနှင့်လည်း မကြာခဏ ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားနေလျက်ရှိနေကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဖော်ပြထားသည်။