Home သတင်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များနှင့်အတူ ရပ်တည်ကြောင်း KNU ပြော

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များနှင့်အတူ ရပ်တည်ကြောင်း KNU ပြော

1059
Photo: Crd.

အောက်တိုဘာလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံမြောက်ပိုင်း၊ ရှမ်းပြည်နယ်အတွင်း (Operation 1027) စစ်ဆင်ရေးအဖြစ် ဖော်ဆောင်၍ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် အခြားတော်လှန်ရေးအင်အားစုများနှင့်အတူ ရပ်တည်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၂၆)ရက်နေ့က ကိုးကန့် ( MNTJP/ MNDAA) ၊ တအာင်း(PSLF/ TNLA) နှင့် ရက္ခိုင် ( ULA/AA ) တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ်တပ်များက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အနှံ့မှ စစ်ကောင်စီ တပ်စခန်းများကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်ရာ လက်ရှိအချိန်ထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီတပ်စခန်း အများ အပြားကို သိမ်းဆည်းရမိထားခြင်းဖြစ်သည်။

၎င်းအခြေအနေနှင့်ပတ်သက်၍ KNU ၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးအား ကေအိုင်စီ -ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်နေသော ညီနောင်မဟာ မိတ်(၃)ဖွဲ့အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် သဘောထားရပ်တည်ချက် တူညီကြောင်း ယခုလိုပြောသည်။

“ဒါက စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့အပေါ်မှာ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ပါ မြောက်ပိုင်းမဟာမိတ်တွေအနေနဲ့ ဒီထက်ပိုပြီး စခန်းတွေသိမ်းနိုင်မယ်လို့လည်း သုံးသပ်တယ်။ ဘဝတူတော်လှန်ရေးအစုအဖွဲ့လည်းဖြစ်တဲ့ ဘုံရန်သူ စစ်ကောင်စီနဲ့ မဟာလူမျိုးကြီးဝါဒကို တော်လှန်တိုက်ပွဲဝင်နေတဲ့အစုအဖွဲ့အားလုံးနဲ့ ကျနော်တို့က သဘောထားရပ်တည်ချက် တူညီမှုရှိနေပါတယ်။ နည်းပရိယာယ်ပိုင်း မတူညီတာပဲရှိမယ်။ ရပ်တည်ချက်ကတော့ အတူတူပဲရှိမှာပါ။” ဟု ပဒိုစောကလယ်စေးက ပြောသည်။

မြန်မာပြည်တောင်ပိုင်း KNU ထိန်းချုပ်နယ်မြေများဖြစ်သည့် ကော့ကရိတ် နှင့်ကြာအင်း ဆိပ်ကြီး မြို့များတွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက် ဒဏ်ရာရရှိမှုများ လည်းရှိနေကြောင်း KNU ဘက်က သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ထို့အတူ KNU လက်အောက်မှ တောင်ပိုင်းတော်လှန်ရေးအင်အားစုများနှင့် မြောက်ပိုင်း အင်အား စုများ ပူးပေါင်းတိုက်ပွဲဖော်ဆောင်နိုင်မှုရှိမရှိအခြေအနေနှင့် ပတ်သက်၍ ကေအိုင်စီက မေးမြန်းရာတွင် KNU ပြောခွင့်ရ ယခုလိုဆက်ပြောသည်။

Photo: Crd.

၎င်းက “စစ်ရေးအရ မြောက်ပိုင်းအင်အားစုနဲ့ပူးပေါင်းဖို့ဆိုတာကတော့ နယ်မြေအနေ အထားအရ တော်တော်လေးအလှမ်းဝေးပြီးတော့ စည်းခြားမှုပေါ့နော် နေပြည်တော်ဆိုတဲ့နေရာက ရှိနေသလို ကျနော်တို့ရဲ့တောင်ပိုင်းဘက်မှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေလည်း ရှိနေလို့ ပူးပေါင်းဆောင်ရွက်ဖို့ကတော့ တော်တော်လေး ခက်ခဲပါတယ်” ဟု ဆိုသည်။

ထို့အပြင် KNU အနေဖြင့်လည်း စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ ပပျောက်နိုင်ရေး၊ တန်း တူညီမျှမှုရရှိရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်သလိုပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုများ၊ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထပ်တိုး ကြိုးစား တွန်းလှန်ကြရန်နှင့် ပဒိုစောကလယ်စေးက ဆက်လက်တိုက်တွန်းထားသည်။

မြောက်ပိုင်းအင်အားစုများ၏စစ်ဆင်ရေး၏ လက်ရှိအခြေအနေအရ ရှမ်းပြည် မြောက်ဘက် ချင်းရွှေ ဟော်မြို့ကို လုံးဝထိန်းချုပ်ထားနိုင်သော အနေအထားဖြစ်သလို စစ်ကောင်စီဘက်မှ စခန်းပေါင်း (၅၀)ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဆက်လက်၍လည်း တိုက်ပွဲဖော်ဆောင်သွား မည်ဖြစ်ကြောင်း MNDAA ၏ ပြောရေးဆိုခွင့်ရှိသူက ဒေသတွင်းမီဒီယာသို့ ဖြေကြားထားသည်။

ထို့အတူ မြောက်ပိုင်းရှိတိုက်ပွဲများကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေရ၍ စားနပ်ရိက္ခာထောက်ပံ့မှု လိုအပ်ချက်ရှိနေသလို တောင်ပိုင်းတွင်လည်း ပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုများရှိနေပြီး မြဝတီ၊ ကော့ကရိတ်၊ ဖားအံ၊ မော်လမြိုင် လမ်းပိုင်းများတစ်လျှောက် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။