Home သတင်း ဖားအံတွင် ယခုလအတွင်း စစ်ကောင်စီတပ် လုံခြုံရေး ပိုမိုတင်းကြပ်စစ်ဆေးလာနေ

ဖားအံတွင် ယခုလအတွင်း စစ်ကောင်စီတပ် လုံခြုံရေး ပိုမိုတင်းကြပ်စစ်ဆေးလာနေ

774

အောက်တိုဘာ ၁၈ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်၊ ဖားအံမြို့တွင် ယခုအောက်တိုဘာလအတွင်း စစ်ကောင်စီတပ်များ အင်အားသုံး လှည့်လည်ကင်းပတ်နေပြီး စစ်ဘက်အရပ်ဘက်လုံခြုံရေးတိုး မြှင့်လုပ်ချထားမှုများ သိသိသာသာ လုပ်ဆောင်လာနေကြောင်း မြို့ခံများက ပြောသည်။

ဖားအံမြို့နှင့် မြဝတီမြို့တို့တွင် ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တက်ဘာလအတွင်း သံလွင်တံတား စစ်ဆေးရေးဂိတ်ပေါက်ကွဲမှု၊ မြဝတီခရိုင်ရဲရုံးပေါက်ကွဲမှုဖြစ်စဉ်များကြောင့် စစ်တပ်ဘက်က သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုအများအပြားရှိခဲ့ပြီးနောက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်က လုံခြုံ ရေးတိုးမြှင့်ချထားမှု သိသိသာသာ တွေ့မြင်လာရကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ဒီလထဲမှာ စစ်တပ်က စစ်ကား(FAW) ကား ၅စီးယာဉ်တန်းနဲ့ ပတ်လှည့်နေတယ်၊ BGF ကလည်း စစ်ကားနဲ့ လှည့်နေတယ်။ အရပ်ဝတ်တွေကလည်း နေရာတိုင်း မှာ ၊ ဆိုင်တွေတိုင်းမှာ ရှိနေတယ်။ ရဲတွေ စစ်ဆေးရေးဂိတ် လုပ်ပြီး စစ်နေတယ် ဆိုရင် လူကနည်းနည်းပဲ။ ဒါပေမယ့် အဲ့နား ဝန်းကျင်မှာ ကင်းပုန်းဝပ်ပြီး တပ်ဖျောက် နေနေ တာတွေ အများကြီး ရှိနေတယ်။ သံလွင်တံတားနဲ့ မြဝတီရဲစခန်း‌ ပေါက်ကွဲမှုတွေ ဖြစ်ပြီးကတည်းက စစ်တပ်ကပိုစစ်ဆေးလာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင်လည်း နယ်စပ်ကုန်သွယ်ရေး ဇုန်တံတားအမှတ်(၂) နှင့် ကုန်သွယ်ရေးဇုန် မြဝတီယာဉ်စစ်ကွင်း၊ မြို့တွင်းစစ်ကောင်စီဌာနဆိုင်ရာရုံးများအနီး စစ်တပ် လုံခြုံ ရေးတိုးမြှင့်ချထားပြီး မြို့ပေါ်ရပ်ကွက်များအတွင်း စစ်တပ်နှင့် BGF တပ်ပူးပေါင်းကာ လုံခြုံရေးကင်းပတ် လှည့်လည် စစ်ဆေးမှုများနေ့စဉ်ရှိကြောင်း ဒေသခံများက ပြောသည်။

ဆိုင်ကယ် ဝယ်ရောင်းလုပ်သည့် လူငယ်တစ်ဦးက “အခု BGF က စစ်ဆေးတာ၊ ငွေတောင်းတာ၊ ရိုက်နှက် ဖမ်းဆီးတာ တော်တော်လုပ်လာတာ တွေ့ရတယ်။ မြဝတီမှာ၊ ဖားအံမှာ လူငယ်၊ လူလတ်ပိုင်းတွေ ပိုစစ် ဆေးတယ်။ ဒူးတံတောင်၊‌ ခြေဖဝါးအကုန်လှန်ပြရတယ်။ တက်တူး၊ အမာရွတ်၊ ရှိမရှိ ကြည့်တယ်။ ဓါတ် ပုံနဲ့ တိုက်စစ်ပြီး ကြည့်တယ်။ အပြောအဆိုမတတ်ရင် ထိုးတယ်။ ရိုက်တယ်၊ ဖုန်းသိမ်းတယ်။ ဆိုင် ကယ်ယူထားတယ်။ အိမ်ကိုဆက်သွယ်ခိုင်းပြီး ငွေနဲ့လာရွေးခိုင်းတယ်”ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က မြဝတီ-ဖားအံလမ်းပိုင်းဘက်တွင် အယောင်ဆောင်အသွင်ယူသတင်း ပေးရန် အရပ်ဝတ်သတင်းပေးများအား ကားသမား၊ ဆိုင်ကယ်သမား၊ ဈေးသည်၊ လူမှုကယ် ဆယ်ရေး သမား၊ လမ်းအလုပ်သမား၊ PDF အယောင်ဆောင်ပုံစံဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများအား စုံစမ်းထောက် လှမ်းရန်လမ်းစရိတ်နှင့် လက်နက်ခဲယမ်းပါ တာဝန်အဆင့်အလိုက်ထောက်ပံ့ပေးပြီး စေလွှတ်ထားကြောင်း ကော့ကရိတ်ဒေသအတွင်း CDM လုပ်ခိုလှုံလာသည့် ဝန်ထမ်းဟောင်းတစ်ဦးထံမှ သိရသည်။