အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ နတ်သံ ကွင်းမြို့အ ခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ယနေ့နေ့လည်ပိုင်းက လက်နက်ကြီးများ အကြောင်းမဲ့ လက်နက် ကြီးပစ်ခတ်ရာ ကျောက်ကြီးမြို့နယ်ရှိ တောကြောင် ပေါက်ကျေးရွာသို့ ကျရောက်ပေါက်ကွဲသဖြင့် ကျောင်းသားလေး ၂ ဦးနှင့် သားအမိ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နေ့လည်တစ်နာရီဝန်းကျင်က စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးသည် တောကြောင်ပေါက်ရွာအောက်ဘက်ရှိ ဘုန်းကြီးကျောင်းအနီးကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဝင်း အနီးတွင်ရှိနေသော ကျောင်းသားလေး (၂)ဦးနှင့်သားအမိ (၂)ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
ဒေသခံအမျိုးသားတစ်ဦးက “ကျောင်းသားတွေထဲက တစ်ယောက်က ဝါးပင်စုရွာ ဘက်ကနေ တောကြောင်ပေါက်မှာ စစ်ရှောင်ရင်းကျောင်းတက်နေတဲ့ကလေးပါ။ ကျန်တဲ့သူတွေကတော့ တောကြောင်ပေါက်ကသူတွေပဲ။ ကလေးတွေကကျောင်းနားမှာ ကျောင်းပိတ်တုန်း သွားဆော့နေကြတုန်းဖြစ်တာ” ဟု ကေအိုင်စီသို့ ပြောသည်။
ဒေသခံ (၄)ဦးစလုံး လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မပြင်းထန်ဘဲ KNU မှ သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူများက ဆေးကုသမှုပေးလျက်ရှိကြောင်းလည်း ထိုဒေသခံက ဆက်ပြောသည်။
နတ်သံကွင်းနှင့် ယခုဖြစ်ပွားသော တောကြောင်ပေါက်ကျေးရွာမှာ တစ်မိုင်ခန့်သာကွာ ဝေးပြီး ယခင် ကလည်း စစ်ကောင်စီဘက်မှပစ်ခတ်သော လက်နက်ကြီးများကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း ကရင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက ယခုလို ပြောပြသည်။

“အခုစစ်တပ်က လက်နက်ကြီးတွေ ညတိုင်းနေ့တိုင်းပစ်နေတာ၊ အခုဖြစ်တဲ့တောကြောင်ပေါက်မှာ အရင်ကလည်းဖြစ်တယ်။ လက်နက်ကြီးကြောင့် မျက်စိတွေ ဘာတွေပျက်စီးပြီး ဆေးကုသမှု ခံယူရတဲ့လူနာတွေ အများကြီးရှိခဲ့တယ်။ နှစ်ဖက် ထိတွေ့တာမကြားဘဲ လက်နက်ကြီးပဲ ဆက်တိုက်ထုနေတာ ရွာတိုင်းသတိနဲ့နေရတယ်။ ”ဟု အဆိုပါတာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။
ယခုလပိုင်းအတွင်း ညောင်လေးပင်ခရိုင်ရှိ မြို့နယ်အများစုသို့ စစ်ကောင်စီ ၏လက်နက်ကြီး ပစ်ခတ်မှုများ တကျော့ပြန်ပြင်းထန်လာနေပြီး လေကြောင်းနှင့်လက်နက်ကြီးကြောင့်ထိခိုက်ဒဏ် ရာရရှိသည့် အရပ်သားပြည်သူအရေအတွက်သည်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် တစ်ရာဦး ထက်မနည်းရှိနေပြီဖြစ်ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ -KHRG က မှတ်တမ်းပြုစုထား သည့်စာရင်းများအရ သိရသည်။
ထို့အတူ ကေအဲန်ယူထိန်းချုပ်နယ်မြေ(၇)ခုလုံးတွင် စစ်ရေးပဋိပက္ခများကြောင့် စစ်ရှောင်ပြည်သူ အများဆုံးရှိသော ညောင်လေးပင်ခရိုင်တစ်ခုလုံးတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း (၂၄၈,၁၆၀) ဦးရေအထိရှိကြောင်း KNU ထုတ်ပြန်ထားသည့် စာရင်းများအရ သိရှိရသည်။



















