အောက်တိုဘာလ ၂၃၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ တပ်မဟာ(၃)နယ်မြေ၊ ကျေးရွာ ၃ရွာရှိ အိမ်ခြေပေါင်း (၂၃၉) လုံးမှ လူဦးရေ (၁,၁၂၄) ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်မှ ၁၅ရက်နေ့ အထိ ပြည်တွင်းဌာနေမဲ့ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ-CIDKP အဖွဲ့က ငွေကြေးပမာဏ တချို့ ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
လက်ကောက်ဝ၊ ကျည်းပင်စု နှင့် ဒလဆိပ်စသည့် ကျေးရွာများသည် စစ်ကောင်စီတပ်၏ လေကြောင်း တိုက် ခိုက်မှုနှင့် နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသူများ ရင်ဆိုင်ကြုံတွေ့ နေရသည့်ခက်ခဲမှုနှင့် စားဝတ်နေရေးအတွက် စာနပ်ရိက္ခာများကို ဝယ်ယူစားသောက်နိုင်ရန် CIDKP အဖွဲ့က သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ CIDKP အဖွဲ့မှ သွားရောက်ခဲ့သည့် ကျေးရွာများတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံဝေါဟာရများနှင့်ပတ်သက်သည့် သင်တန်းတစ်ခုကိုလည်း CIDKP က ဖွင့်လှစ်သင်ကြားပေးခဲ့သေးကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းအပြင် အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ် စစ် တောင်းမြစ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးတိမ်းရှောင်နေရသည့် ကျေးရွာများမှ ဒေသခံပြည်သူများကို ကေအဲန် ယူ လယ်ဒိုမြို့နယ် ကျန်းမာရေးဌာန၊ Free Burma Ranger (FBR)အဖွဲ့များပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက် မှုသင်တန်းများ၊ စားနပ်ရိက္ခာများနှင့် လက်နက်ကြီးဘေး၊ လေကြောင်းရန်ဘေးမှ ကြိုတင်ကာကွယ်နိုင်ရန် သင် တန်းများကိုလည်း ပို့ချဆောင်ရွက်ပေးခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလေနှင့် ယခုလဆန်းပိုင်းအတွင်း ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေအတွင်းရှိ ကျေးရွာများ အတွင်းသို့ စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ အပြင်းအထန်လုပ်ဆောင်ခဲ့သလို မြေပြင်ထိုးစစ်ဆင်မှုများကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ကျေးရွာနေပြည်သူများ အနေဖြင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကေအဲန်ယူ ထုတ်ပြန်ထားသည်။
ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင် တိုက်ပွဲပဋိပက္ခကြောင့် စစ်ရှောင်နေကြရသော ဒေသခံစုစုပေါင်း နှစ်သိန်းကျော်ရှိကြောင်း ကေအဲန်ယူ၏ စက်တင်ဘာလအတွင်း ထုတ်ပြန်ချက်အရ ဖော်ပြထားသည်။



















