Home သတင်း စစ်ကောင်စီ၏ အခွန်ငွေကန့်သတ်ခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားများ ရပ်တည်ရန်ခက်ခဲလာနိုင်

စစ်ကောင်စီ၏ အခွန်ငွေကန့်သတ်ခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားများ ရပ်တည်ရန်ခက်ခဲလာနိုင်

945

အောက်တိုဘာလ ၂၅ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

ပြည်ပနိုင်ငံအသီးသီးတွင် Passport for job (PJ) အလုပ်စာအုပ်နှင့် Passport for Seaman (PS)သင်္ဘောသား စာအုပ်ကိုင်ဆောင် အလုပ်လုပ်ကိုင်သူများထံမှ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီက နိုင်ငံတော် အခွန်ငွေအဖြစ် ကန့်သတ်လိုက်သောကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရပ်တည်ရန် ခက်ခဲလာနိုင် ကြောင်း ရွှေ့ပြောင်း အလုပ်သမားများက ပြောသည်။

ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုနှင့် လုပ်ခလစာနည်းပါးသည့်အတွက်ကြောင့် ပြည်ပထွက်အလုပ်လုပ်ကိုင် နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် စစ်ကောင်စီမှ အလုပ်သမားများ၏ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာပြည်သို့ မဖြစ်မနေ တရားဝင်လွှဲပေးရမည်ဖြစ်ပြီး လစာ၏ ၁၀ ရာခိုင်နှုန်းကို အခွန် ကောက်ခံ မည်ဖြစ်သောကြောင့် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ခက်ခဲမှုများရှိလာနိုင်ကြောင်း ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ယခုလိုပြောသည်။

“ဒီမှာရောက်တော့လည်း အခန်းငှား အလုပ်ရှာတာနဲ့ စာအုပ်ဖိုးဆပ်တာနဲ့ ဘာမှ မကျန်ဘူးလေနော်။ အခုက သူတို့ကိုပါတစ်ဝက်ထပ်ပေးရရင်တော့ တစ်လတစ်လသူတို့ကိုပဲ လုပ်ကျွေးရသလို ဖြစ်သွားပြီး။ နောက်ဆိုရင် အလုပ်ကအဆင်မပြေတာနဲ့ အခက်အခဲဖြစ်လာဖို့ပဲရှိတယ်။ ဘယ်ကိုပဲသွားသွား သူတို့ချုပ်ကိုင်လိုက်ပြီးလေ ”ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

ပြည်ပရောက်အလုပ်သမားများ၏ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာပြည်သို့ မဖြစ်မနေ တရားဝင်လွှဲပေး ရမည် ဖြစ်ပြီး လစာ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ကောက်ခံမည်ဟု စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလတွင် ကြေငြာချက် ထုတ်ပြန်ထားခြင်းဖြစ်ဖြစ်သည်။ အခွန်ဆောင်ရှိမရှိပါက ပါ့စ်ပို့ စာအုပ်သက်တမ်းများကို တိုးပေး မည်မဟုတ်ကြောင်းဆိုထားကာ လက်ရှိအချိန်အထိ အခွန်ပေးဆောင်ရခြင်းမျိုးမရှိသေးကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ အခွန် ၂၅ ရာခိုင်နှုန်းသတ်မှတ်လိုက်ခြင်းသည် ပြည်ပနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်သူများအနေဖြင့် စာအုပ်ဖိုး၊ မီး၊ ရေနှင့် အခြားအခွန်အခများလည်း ပုံစံမျိုးစုံဖြင့် ပေးဆောင် နေရသည့် အတွက် ယခုလိုအခွန်ကောက်ခြင်းကို လက်ခံ၍မရဘဲ အခွန်ပေးဆောင် မည်မဟုတ်ကြောင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် တစ်လသက်တမ်းရှိသည့် စအုပ်ဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

၎င်းက “အဆင်မပြေလို့ သူများနိုင်ငံမှာ အလုပ်လာလုပ်စားပါတယ်ဆိုမှ လေတောင်အလကားရှူလို့မရဘူး။ လေ တောင် အခွန်ဆောင်ပြီး ရှူနေရတယ်လေ။ တစ်လတစ်ခါတုံးထုရတယ်။ ရေဖိုး မီးဖိုးလည်းပေးရတယ်။ ၃ လ တစ်ခါ Work permit ဖိုးပေးရတယ်။ ပြီးလို့ရှိရင် ကျန်းမာရေးကဒ်။ ပြီးရင် တစ်နှစ်တစ်ခါစာအုပ်က လဲရသေး တယ်။ အခုအပြာတစ်လစာအုပ်က အကုန်အကျများလို့ အနီအလုပ်စာအုပ်ကိုင်မယ်ဆိုတော့လည်း အခုမြန် မာနိုင်ငံကပါ ရာခိုင်နှုန်းနဲ့ဖြတ်မယ် ဆိုတော့ဘာနဲ့သွားစားရမလဲ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ Passport for job (PJ)အလုပ်စာအုပ်နှင့် Passport for Seaman (PS)သင်္ဘောသား စာအုပ်ကိုင် ဆောင်ထားပြီး အလုပ်လုပ်ကိုင်သူများထံမှ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို ပေးဆောင်ရမည့်အတွက်ကြောင့် ပြည်ပတွင် အလုပ်လုပ်ကိုင် နေကြသည့် Passport အလုပ်စာအုပ်သက်တမ်းကုန်ဆုံသူများအနေဖြင့် စာအုပ် ဆက်လက် သက်တမ်းတိုး လုပ်ဆောင်ရန်လည်း အခက်အခဲများ ရှိလာကြကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ဆိုသည်။

စစ်ကောင်စီဘက်မှ ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သများအပေါ် အခွန်ငွေကန့်သတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာန၏တာဝန်ရှိသူ ယခင် အလုပ်သမားသံအရာရှိဟောင်း ဦးဝေလင်းမောင်က ယခုလို မှတ်ချက်ပြုပြောဆိုသည်။

“NUG အလုပ်သမားဝန်ကြီးဌာနအနေနဲ့လည်း စာတရားဝင်ထုတ်ပြန်ထားပါတယ်။ အလုပ်သမားတွေကို ၂၅ ရာခိုင်နှုန်း အခွန်ငွေဖြတ်မဲ့ကိစ္စကို အလုပ်သမားတွေဆီက ဖိအားပေးပြီးတော့မတောင်းဆိုဖို့ ဒီတောင်းဆိုတဲ့ အဖွဲ့အစည်းတွေ တောင်းဆိုတဲ့လူပုဂ္ဂိုလ်တွေဆိုရင် ထိုင်းနိုင်ငံမှာဆိုရင် ထိုင်းနိုင်ငံရဲ့ဖိအားပေးပြီးတော့ လုပ်ပေး မယ်ဆိုရင် အလုပ်သမားရဲ့သဘောတူညီချက်မရှိဘူးဆိုရင် ထိုင်းနိုင်ငံမှာလည်းပဲ ဥပဒေအရ လုပ်ခလစာကို ဖြတ်ယူလို့ မရပါဘူး။ ဖြတ်ယူတဲ့အချိန်မှာလည်း ဥပဒေအရ လုပ်ခလစာဖြတ်တောက်မှုအနေနဲ့ တရားစွဲလို့ရပါတယ်”ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

အလားတူ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးတွင်လည်း ယခင်က နယ်ကျော် အိမ်ထောင်စုစာရင်းများကို နိုင်ငံကူး လက်မှတ်လုပ်ပေးခဲ့သော်လည်း ယခု အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်၍ ကရင်ပြည်နယ် အိမ်ထောင်စုစာရင်းမှအပ အခြားနယ်ကျော် အိမ်ထောင်စုစာရင်းများ ကို နိုင်ငံကူး လက်မှတ် လျှောက်ထားခွင့်မပြုတော့ကြောင်းလည်း ကြေငြာထားခြင်းရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ MOU အလုပ်သမားရှာဖွေရေး အေဂျင်စီဖြင့် ဘတ်ငွေ ၃ သောင်း အထိပေးပြီး ပြည်ပသို့သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြသူများအနေဖြင့်လည်း ယခုလိုအခွန်ကန့် သတ်ခြင်းနှင့် ထောက်ခံစာယူရသော်လည်း ယခင်ပြုလုပ်ထားသည့်အခကြေးငွေကို နှမြော၍ အခြေအနေအပေါ် မူတည်ပြီး စာအုပ်သက်တမ်းတိုးခြင်းကို ဆက်လက်ပြုလုပ်ရမည်ဖြစ်သည်လည်း ထိုင်းရောက် အခြားရွှေ့ ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။

၎င်းက “ကျနော်တို့က ပြီးခဲ့တဲ့ ၅ နှစ်လောက်ကနေ MOUနဲ့ ချိတ်ပြီးစာအုပ်အနီလုပ်ထားတာ။ စလုပ်တုန်းက ဘန်ကောက်မှာကတည်းကနေ ပွဲစားသူဌေးတွေက ဘတ် ၃ သောင်းအပြီးအစီးဆိုပြီးပြောတယ်။ သူတို့ လမ်း မှာစား စရိတ်အငြိမ်းပေါ့။ ပိုက်ဆံလည်းချေပြီးရော လမ်းမှာကိုယ့်ပိုက်ဆံနဲ့ကိုယ်စားပဲ။ မြဝတီမှာရော ရန်ကုန်မှာ သွားတာရော ကိုယ့်စရိတ် ကိုယ်ပဲ။ အဲ့တုန်းက ကုန်ခဲ့တာလည်းအများကြီးပဲ။ အခုက စာအုပ်ပြန်တော် (သက်တမ်းတိုး)ရင် ထောက်ခံစာတွေရော နိုင်ငံတော်အခွန် ဆိုပြီး ပိုက်ဆံရာခိုင်နှုန်း ပေးရမယ်ဆိုတော့ ဘယ်လိုမှအဆင်မပြေတော့ဘူး။ ကုန်ထားတာတွေလည်း မနည်းတော့ စာအုပ်လည်း အသေမခံနိုင်ဘူး။ အဆင်ပြေအောင်လုပ်မှာပဲရမယ်”ဟု ပြောသည်။

ယခု၂၀၂၃ခုနှစ်ကုန်တွင် ပြည်ပနိုင်ငံတွင် Passport for job (PJ)အလုပ်စာအုပ်ကိုင်ဆောင်ထားသူများထဲမှ သက်တမ်းကုန်ဆုံးမည့်သူများသည် မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်ကာ သက်ဆိုင်ရာဌာနဆိုင်ရာရုံးများ၏ ထောက်ခံစာများယူ၍ လုပ်ဆောင်ရမည်ဖြစ်သလို ထိုင်းနိုင်ငံဘန်ကောက်သံရုံးတွင်လည်း သူဌေးအမည်ခံ၍ စာအုပ်ထုတ်ယူ၍ ရနေကြောင်းလည်း ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားများ၏ ပြောဆိုချက်အရ သိရသည်။