အောက်တိုဘာလ ၂၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယနေ့အောက်တိုဘာ၂၇ ရက် နံနက်ပိုင်းအစောပိုင်းက စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ကြာအင်းကုန်း၊ တံတားဦးနှင့် ရုံးကုန်းနေရာများဘက်တွင် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်- KNLA ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်အတွင်း ခြေလျင်တပ်ရင်း-ခလရ ၉၇ အနောက်ဘက် ဂေါက်ကွင်းဘေးနေရာရှိ စစ်ကောင်စီ လက်အောက်ခံ ရဲသတင်းတပ်ဖွဲ့ရုံး၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးရုံး ၂ ခု မီးရှို့ တိုက်ခိုက်ခံရကြောင်း ကနဦး သတင်းများအရ သိရသည်။
“ညကတည်းက စစ်တပ်က ကော့ကရိတ် မြို့ပြင်ကို လက်နက်ကြီး ၁၂၀ မမ အမြှောက်တွေ ပစ်ထုတ်နေတယ်။ အခုမနက် ကရင်အဖွဲ့၊ PDF တွေ မြို့ထဲ ဝင်စီးနေတယ်။ မြို့ထဲက လပ်ကီးစားသောက်ဆိုင်နားမှာ ပစ်နေတယ်။ စရဖရုံး၊ SB ရုံးတွေ မီးရှို့တာ မီးလောင်နေတယ် ။ ဆေးရုံကုန်းဘက်၊ ကြာအင်းကုန်းဘက် ပစ်နေတယ်။ အရပ်ထဲကလူတွေကတော့ တောင်ပေါ်ကျောင်းကို စစ်ပြေးရှောင်နေကြရတယ် ”ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ကော့ကရိတ် မြို့ပတ်ဝန်းကျင် နေရာ ၄ခုထက်မနည်း စစ်ကောင်စီ စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး ကျုံဒိုးဒေသ ကျေးရွာများဘက်တွင်လည်း စစ်တပ်က လက်နက်ကြီးများ ညပိုင်းအတည်းက ကော့ခိုက်ကျေးရွာဘက် ပစ်ခတ်နေကြောင်း နယ်မြေခံ သတင်းအရင်းအမြစ်များက ပြောသည်။



















