အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် ဖာပွန်မြို့နယ် စစ်ကောင်စီ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထမ်းများသည် လူထုကို အကာအကွယ်ယူကာ ရုံးလုပ်ငန်းများ လုပ်ကိုင်နေကြကြောင်း စစ်ကောင်စီ ၏ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသတင်းအရင်းအမြစ်ထံမှ သိရသည်။
အဆိုပါ မြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်းများအနေဖြင့် ရုံးဌာနများအား ရွှေ့ပြောင်းပြီး လူထုနေထိုင်သည့် ရပ်ကွက်အတွင်းရှိ မြို့နယ်ခန်းမနှင့် စစ်ဗျူဟာစစ်စခန်းအတွင်းမှ လူထုကို အကာအကွယ်ယူကာ ရုံးလုပ်ငန်းများ လုပ်ကိုင်နေရသည့် အခြေအနေပတ်သက်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသတင်းအရင်းအမြစ် တစ်ဦးက ယခုလို ပြောသည်။
“ကော့ကရိတ်နှင့် ဖာပွန်က စစ်တပ်အုပ်ချုပ်ရေးဌာနဆိုင်ရာတွေ မရှိတော့ဘူး။ ကော့ကရိတ်မှာဆိုရင် ရုံးကုန်းက ဌာနဆိုင်ရာရုံးတွေ လူထုကို အကာအကွယ်ယူပြီး ရပ်ကွက်ထဲက မီးရုံးမှာ ရုံးအလုပ် လာလုပ်တယ်။ ဖာပွန်မှာဆိုရင် မီးသတ်နဲ့ ရဲ က စစ်တပ်ထဲမှာ ပေါင်းနေနေတယ်။ ကျန်တဲ့ဌာန ဆိုင်ရာတွေက ကမမောင်း စစ်တပ်ဗျူဟာမှာနေ နေရတယ်။ လူထုနေတဲ့ ရပ်ကွက်ကို အကာ အကွယ်ယူပြီး နေတဲ့သဘောပဲရှိတော့တယ်။ ” ဟု ၎င်းသတင်းအရင်းအမြစ်က ကေအိုင်စီ သို့ ပြောသည်။
ထို့အပြင် ဌာနဆိုင်ရာ အကြီးအကဲများမှာ ဖားအံထွေအုပ်ရုံးနှင့် တွဲဘက်လုပ်ပြီး အသွားအပြန် လုပ်နေကြရကြောင်း၊ မြေပြင်တွင် အုပ်ချုပ်ရေးလုပ်ငန်းမလုပ်နိုင်တော့ဘဲ ကြေးနန်းပေးပို့သည့် အလုပ်သာ လုပ်ဆောင်ရကြောင်းလည်း ၎င်း စစ်ကောင်စီအုပ်ချုပ်ရေးသတင်းအရင်းအမြစ်က ဆက်ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ၊ စက်တင်ဘာလ နှင့် ယခုအောက်တိုဘာလအတွင်း ဖာပွန်၊ ကော့ကရိတ်၊ ကမ မောင်း၊ ကြာအင်းဆိပ်ကြီး နှင့် ဘုရားသုံးဆူ ဒေသများတွင် စစ်ကောင်စီဌာနဆိုင်ရာ ရုံးအဆောက် အအုံများ တိုက်ခိုက်မီးရှို့ ခံရပြီးနောက်ပိုင်း စစ်တပ် စစ်စခန်းများဘက်နှင့် လူထုနေထိုင်သည့် ရပ်ကွက်များအတွင်းမှနေ၍ စစ်တပ်၏ ရုံးလုပ်ငန်းဆက်လုပ်နေကြရ ခြင်းဖြစ်သည်ဟု သိရသည်။
ကြာအင်းဆိပ်ကြီး စစ်တပ်ဌာနဆိုင်ရာရုံးအနီးနေထိုင်သည့် ဒေသခံတစ်ဦးက “စစ်တပ်ရဲ့ လက် အောက်ခံရုံးတွေက ဝန်ထမ်းတွေ အခက်တွေ့နေကြတယ်။ ရဲစခန်း နဲ့ တွဲပြီးနေရ စစ်တပ်ဝင်းထဲသွားပြီး တွဲဘက်နေနေရတယ်။ ရပ်ကွက်ထဲမှာရှိတဲ့ ခန်းမတို့ ဓမ္မာရုံတို့ မှာ ပြည်သူ့ စစ်ကင်းချပြီး နေနေရ တယ်။ အပြင်လည်း လွတ်လွတ်လပ်လပ် သွားလာမရ မိသားစုဆီလည်းပြန်လို့ ခွင့်မရနဲ့ စိတ်ဓါတ်ကျ နေကြတယ်။”ဟု ပြောသည်။
ဖာပွန်မြို့ရှိ စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား လက်အောက်ရှိ ဝန်ထမ်းများ ထွက်ခွာရန် ကေအဲန်ယူ ဘက်မှ နှစ်ကြိမ်ခန့်သတိပေးစာ ထုတ်ပြန်အသိပေးပြီးနောက်ပိုင်း ဖာပွန်မြို့တွင် အုပ်ချုပ်ရေး ယန္တရား မလည်ပတ်နိုင်သည့် အနေအထားထိရှိနေပြီး မကြာခဏ ဆိုသလို တိုက်ခိုက်ခံရမှုများလည်း ရှိနေ ကြောင်း ဖာပွန်မြို့ခံ လူထုများထံမှ သိရသည်။
လတ်တလော ကော့ကရိတ်မြို့ အနီးဝန်းကျင်ကျေးရွာများဘက် နှင့် အာရှလမ်းသစ်၊ မြဝတီ၊ ဥကရိထ၊ ဝေါလေ၊ ကျိုက်ဒုံ စသည့် ဒေသများတွင်လည်း စစ်ကောင်စီတပ် နှင့် ကရင်အမျိုး သားလွတ်မြောက် ရေးတပ်မတော်-KNLA ပူပေါင်းတပ်များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း KNU တပ်မဟာ ၆ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်ထံမှ သိရသည်။



















