အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်စဉ်ကြောင့် တောင်ပေါ်ကျောင်းတိုက်အတွင်း ယာယီစစ်ဘေးရှောင် နေသူ ၂၀၀ ဝန်းကျင်သွားရောက်ခိုလှုံနေသည့်နေရာအား စစ်ကောင်စီတပ်နှင့် BGF တပ်များတပ်စွဲ နေရာယူထားသည့်အတွက် စစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ခွင့်မရဘဲ ဓါးစာခံအဖြစ် အကာကွယ် ယူထားသည့် အခြေအနေဖြစ်နေကြောင်း ဒေသခံစစ်ဘေးရှောင်နေရသူတစ်ဦးက ပြောသည်။
ယနေ့ အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်းမှစတင်ကာ ယခုညပိုင်းအထိ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်စစ်ကြောင်းများ ကော့ကရိတ်မြို့တွင်း တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေပြီး တောင်ပေါ်ကျောင်းနေရာသို့ သွားရောက် စစ်ဘေးရှောင်သူများ အား စစ်တပ်က သွားလာခွင့်ကန့်သတ်ထားကြောင်း စစ်ရှောင်တစ်ဦးက ယခုလို ပြောသည်။
“ကျနော်အိမ်က မိသားစုတွေ၊ မိဘတွေမြို့ထဲနေကြတာ တိုက်ပွဲက မြို့ထဲဖြစ်နေတော့ သူတို့တွေ တောင်ပေါ်ကျောင်းကို ရှောင်ကြတယ်။ အခုညနေကျတော့ စစ်တပ်နဲ့ BGF က အဲ့ကျောင်းပေါ် က နေရာ တွေမှာ ကင်းဝပ်တာ၊ တပ်စွဲတာလုပ်လာတယ်။ စစ်ရှောင်တွေက နေရာပြောင်းမယ်ဆိုတော့ ပေး မပြောင်းခံဘူး။ ကရင်အဖွဲ့တွေ PDF အဖွဲ့တွေက သူတို့ကို လာလာချောင်းပစ်နေတယ်။ အရပ်သားတွေ ရှိနေတာကို ဓါးစာခံသဘောမျိုးထိန်းထားတော့ ကျနော်တို့ မိသားစုတွေကို သွားပြန်ခေါ်လို့ မရဘူး ဖြစ်နေတယ်။”ဟု ၎င်းစစ်ဘေးရှောင်ဒေသခံက ပြောသည်။
ယနေ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်သောကြောင့် အမှတ် ၇ ရပ် ကွက် တံတားဦး၊ ကြာအင်းကုန်းအပိုင်းမှ လူ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသည့်အပြင် အသက် ၉ နှစ် အရွယ်ကလေးငယ်တစ်ဦး ခြေထောက်ဖြတ် ဒဏ်ရာပြင်းထန် ရရှိထားကြောင်း ကော့ကရိတ်မြို့ ခံများထံမှ သိရသည်။
ထို့အပြင် စစ်တပ်ဘက်က စိစစ်ဆဲသတင်းပို့ချက်များအရ ၄ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာ ရရှိသွား ကြောင်း၊ KNLA ပူးပေါင်းတပ်များဘက်မှ ၄ ဦး မစိုးရိမ်ရသည့်ဒဏ်ရာရရှိထားပြီး နှစ်ဖက်တပ်ဖွဲ့များ ည ပိုင်း ဆက်လက်တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်မှုများရှိနေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ် က ပြောသည်။
ထိုစစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က “နှစ်ဖက်စလုံး စစ်ကူတွေ မြို့တွင်းမြို့ပြင် ရှိနေတယ်။ မြို့ခံ ရပ်ကွက်သားတွေကတော့ ရှောင်ကုန်ကြပြီ။ တချို့လည်း အိမ်တွေအလုံပိတ်ပြီး နေနေကြတယ်။ စစ် တပ်က မြို့တွင်းလည်း လက်နက်ကြီးပစ်ထည့်နေတော့ ရပ်ကွက်အိမ်တွေ ထိကုန်ပျက်ကုန်တာတွေ ရှိနေတယ်” ပြောသည်။
လတ်တလောတွင် စစ်ကောင်စီ လက်အောက်ခံ ကော့ကရိတ် စရဖရုံး၊ ရဲသတင်းတပ်ဖွဲ့ရုံးများ မီးလောင်ပျက်စီးပြီး ခြေလျင်တပ်ရင်း -ခလရ ၉၇ တပ် ၊ ရုန်းကုန်း၊ တံတားဦး၊ မြို့တော်ဦး၊ မြို့တွင်း တရုတ်ဘုံကျောင်းလမ်းမ နှင့် မြို့ပြင် ချောင်းတောင်လမ်း၊ ရေလည်ကုန်းလမ်းပိုင်းဘက်များတွင် ပစ်ခတ်မှုများဆက်ရှိနေကြောင်း စစ်ဘေးရှောင်ဒေသခံများ ပြောစကားအရ သိရသည်။



















