အောက်တိုဘာ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) ခေါင်းဆောင်များ ဦးဆောင်ပြီး ယခု အောက်တိုဘာလ (၂၂) ရက်နေ့မှစတင်၍ ဒုံရင်းမြို့နယ် အောက်ရေတံခွန် တိုက်ဘုန်းကြီးကျောင်းတွင် ဒေသခံ မျက်စိဝေဒနာရှင် တစ်ထောင်ကျော်ကို အခမဲ့ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မျက်စိခွဲစိတ်ကုသရေးအစီအစဉ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ဗဟို ဆေးဌာနမှ ဒေါက်တာစောနေဆဲနှင့် ကျန်းမာရေးဝန်ထမ်းများက အောက်တိုဘာလ ၂၂ ရက်မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ (၁၁) ရက်ကြာ အခမဲ့ပြုလုပ်ပေးနေခြင်းဖြစ်သည်။
ထိုအစီအစဉ်တွင် ပါဝင်ဦးဆောင်သည့် ဒုံရင်းမြို့နယ်အတွင်းရေးမှူး ပဒိုမန်းဒီက “ကရင်တော်လှန်ရေးလက် နက်ကိုင်တွေက ဟို ၁၉၄၇ ကတည်းက စပြီးတော့လက်နက်ကိုင်တယ်။ ယခုအချိန်ထိဆိုရင် နှစ် ၇၀ကျော် ရှိပြီ။ နှစ် ၇၀ ရှိတဲ့အခါမှာ ပြည်သူတွေက ယနေ့အချိန်ထိပံ့ပိုးခဲ့တယ်။ ပြည်သူတွေ ရဲ့ အခက်အခဲကို ကျနော်တို့ကလည်း တစိတ်တစ်ဒေသကနေ တတ်နိုင်တဲ့ဘက် ကနေ မျက်စိပိုင်းမှာ ကုသရေးလုပ်ပေးတာ” ဟု ကေအိုင်စီသို့ပြောသည်။
၁၁ ရက်ကြာ အခမဲ့မျက်စိခွဲစိတ်ကုသရေးအစီအစဉ်တွင် မျက်မှန်ပြုလုပ်ရသူ ၇၄၈ ဦးနှင့် မျက်စိ ခွဲစိတ်သူ (၂၂၄)ဦးတို့ကို ကုသလုပ်ဆောင်ခဲ့ပြီး ဒုံရင်းမြို့နယ်အတွင်း မျက်စိဝေဒနာရှင် စုစုပေါင်း (၁၁၅၀) ဦးရေအထိ လာရောက်ပြသခဲ့ကြောင်း ကေအဲန်ယူဘက်က ထုတ်ပြန်ထားသည်။
၎င်းမျက်စိအခမဲ့ကုသပေးမှုတွင် ကရင်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီ (UCKAG)၏ အစီ အစဉ်ဖြင့် တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးကြီးစောဒိကွယ်၊ ဖားအံခရိုင်တွဲဖက်အတွင်းရေးမှူး ပဒို စောဂေထူး၊ ခရိုင်စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှူး ပဒိုနော်ရှီးဝါးနှင့် ဒုံရင်းမြို့နယ် တာဝန်ရှိသူများ ဦး ဆောင်ပါဝင်ခဲ့ကြောင်း သိရသည်။
ထိုမျက်စိခွဲစိတ်ကုသမှုသွားရောက် ပြုလုပ်ရာတွင် ဒေသခံကရင်တိုင်းရင်းသားများအပြင် အခြားသော ဗမာ၊ မွန်နှင့် ပအိုဝ်းတိုင်းရင်းသားများလည်း ပါဝင်ကုသမှု ခံယူခဲ့ကြပြီး ကေအဲန်ယူ၏ အခမဲ့ကုသမှု ပြုလုပ်ပေး သောကြောင့် ဒေသခံများအနေဖြင့် ဝမ်းသာပီတိဖြစ်နေကြကြောင်းလည်း ကုသရေးတွင် ပါဝင် ကူညီပေးသူ တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ (၁၄)ရက်မှ (၂၀)ရက်နေ့ကလည်း ဒုံရင်းမြို့နယ် နောင်သာယာကျေးရွာတွင် ကေအဲန်ယူမှဦး ဆောင်ပြီး တစ်ပတ်ကြာ ပထမဆုံးအကြိမ် မျက်စိခွဲစိတ်ကုသရေးအစီအစဉ်ပြုလုပ်ခဲ့သေးပြီး ဒေသခံမျက်စိခွဲ ဝေဒနာရှင် (၄၄၁)ဦး လာရောက်ပြသခဲ့သည်ဟု ဖားအံခရိုင် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။



















