Home သတင်း လေကြောင်းနှင့် လက်နက်ကြီးကြောင့် KNLA တပ်ဖွဲ့ဝင်(၃)ဦးအပါအဝင် (၇)ဦး ထိခိုက်ဒဏ်ရာရ

လေကြောင်းနှင့် လက်နက်ကြီးကြောင့် KNLA တပ်ဖွဲ့ဝင်(၃)ဦးအပါအဝင် (၇)ဦး ထိခိုက်ဒဏ်ရာရ

708
Photo: Crd.

အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင် အောက်တို ဘာလ(၁၆)ရက်နှင့် (၁၇)ရက်နေ့တို့တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးသုံး ပစ်ခတ် မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်(၃)ဦးနှင့် ဒေသခံအမျိုးသမီး(၂)ဦး အပါအဝင်(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU နှင့် ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ(၁၆)ရက်နေ့ ညပိုင်းက ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၆၄၊ တော်ဝီနှင့် ရေကြည်ချောင်းရွာရှိ စစ်ကောင်စီ တပ်စခန်းများမှ လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ချုံအင်းကျေးရွာနေ ဒေသခံ တစ်ဦး၏နေအိမ်အတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး(၂)ဦးအပါအဝင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNUက အောက်တိုဘာလ(၁၇)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် အောက်တိုဘာလ(၁၇)ရက်နေ့တွင်ပင် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ စစ် ကောင်စီက လေကြောင်းအသုံးပြုပစ်ခတ်ခဲ့သဖြင့် အသက်(၂၅)နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦး နှင့် KNLA မှ ရဲဘော်(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း KNU ၏ ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

“မနေ့ကလေယာဥ်လာကြဲတုန်းက ထိတဲ့ရွာသားတစ်ယောက်ကတော့ ဒဏ်ရာရ နည်းပါတယ်။ ရဲဘော်သုံးယောက်ကတော့ ဒဏ်ရာကြီးတယ်ပြောတယ်။ အခု ဒီမနက်တော့ လေယာဥ် သံမကြားရတော့ဘူး။ လက်နက်ကြီးသံကြားနေရတုန်းပဲ” ဟု ဒေသခံ အမျိုးသမီးက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

နှစ်ရက်တာအတွင်း ပစ်ခတ်မှုများကြောင့် စာသင်ကျောင်း (၁) ကျောင်း၊ ပြည်သူလူထုပိုင် အဆောက်အဦးနှင့်နေအိမ် (၆) လုံးထက်မနည်း ထိခိုက်ပျက်စီးပြီး အိမ်မွေးနွား နှစ် ကောင်သေဆုံးကာ တစ်ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: Crd.

ထို့ကြောင့် ကျောက်ကြီးမြို့နယ် အထက်တန်းကျောင်း၊ ခလယ်လွီထူ ဂျူနီယာကောလိပ် အစရှိသည့် စာသင်ကျောင်းများ ပိတ်ထားလိုက်ရပြီး ဒေသခံများလည်း နီးစပ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဒေသခံအမျိုးသားတစ်ဦးကလည်း “ကျနော့်အသိအိမ်တောင် လေယာဥ်လာပစ်လို့ ပျက်စီး တဲ့အထဲပါတယ်။ မနေ့ကဖြစ်တဲ့နေရာသုံးခုလုံးက တစ်နေရာနဲ့တစ်နေရာ မနီး မဝေးတွေချည်းပဲ။ KNLA နဲ့ တိုက်ပွဲဖြစ်တာမဟုတ်ဘူး ။ ဂျက်ဖိုက်တာနဲ့ သပ်သပ်လာကြဲချသွားတာ” ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်မှုများနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာသတင်း ထုတ်ပြန်ပြောဆိုမှုမျိုး မတွေ့ရှိရသေးပေ။

ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီး၊ မုန်း၊ ရွှေကျင်မြို့နယ်တို့တွင် ယခု အောက်တို ဘာလအထိ နှစ်ဖက်ပဋိပက္ခများနှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စစ်ဘေးရှောင်နေ ရသူ ၂ သိန်း ၄ သောင်းကျော်ရှိနေပြီး နေရပ်စွန့်ခွာနေထိုင်ရခြင်းနှင့် လူနေမှုဘဝရပ်တည်ရ ခက်ခဲ လာသဖြင့် အရေးပေါ်စားနပ်ရိက္ခာနှင့် လူသားချင်းစာနာမှုအကူအညီများလိုအပ်နေကြောင်း အောက်တိုဘာလ‌ (၁၄)ရက် နေ့စွဲဖြင့် KNU က ထုတ်ပြန်ထားသည်။

ထို့အတူ စစ်ဘေးတိမ်းရှောင်နေရသူ ဦးရေ စုစုပေါင်း (၇)သိန်းနီးပါးရှိလာသော KNU ထိန်း ချုပ်နယ်မြေ(၇)ခုမှ စစ်ဘေးရှောင်ပြည်သူများအတွက် နယ်စပ်ဖြတ် ကျော်ရေးအကူအညီပေးရန် နိုင်ငံတကာအဖွဲ့အစည်းများသို့ KNU အပါအဝင် ကရင် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။