အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်းဘက်တွင် ယခုလို ရှောက်သီးပေါ်ချိန်တွင် စျေးမရှိသဖြင့် ခူးယူရောင်းချမှုမလုပ်တော့၍ အပင်အောက်တွင် ကြွေကျပုပ်ပွနေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိအချိန်တွင် ရှောက်သီးတစ်လုံးလျှင် မြန်မာငွေကျပ် ၃၀ သာ စျေးပေးဝယ်ယူ ကြပြီးခူးယူစရိတ်နှင့် သယ်ယူစရိတ်မကာ မိသည့်အတွက် ခူးယူရောင်းချသူ မရှိတော့ကြောင်း ရှောက်သီးခြံစိုက်ပျိုးသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ရှောက်သီးက အလုံးကြီးတယ်။ ထော်လာတစ်စီးမှ ဘယ်လောက်မှမရဘူး။ သွားခူးပြီး ရွာထဲရောက်မှ တစ်လုံး ၃၀ ကျပ်ရတယ်။ ဆီဖိုးနဲ့ပင်ပန်းတာပြန် တွက် လိုက်ရင် ဘာမရဘူး။ မခူးရောင်းတော့ဘဲ ဒီအတိုင်း အပင်အောက်မှာ ကြွေပြီး ပုပ်ပွနေတယ်”ဟု ပြောသည်။
ယခုနှစ်တွင် ရှောက်သီးစျေးမရှိသည့်အပြင် သယ်ယူပို့ ဆောင်ရေးလမ်း ကြောင်း ခက်ခဲခြင်း၊ သယ်ယူစရိတ်ကြီးမားခြင်းတို့ကြောင့် အရောင်းအဝယ် တွက်ခြေ မကိုက်ကြောင်း ဒေသထွက် သီးနှံဝယ်ရောင်းသူတစ်ဦးကလည်း ပြောသည်။

“သိပ်တော့အဆင်မပြေဘူး။ သွားလာရေးလမ်းလည်း ခက်ခဲတယ်။ ကားငှားခ လည်းပိုကုန်တယ်။ အခုကသေသေချာချာတွက်ချက်ရတယ်။ မတွက်ရင်ကကိုယ့်အတွက် ဘာမှမကျန်ဘူး။ “ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကော့ကရိတ်မြို့နယ်တောင်ပိုင်းဘက်တွင် တိုက်ပွဲများ အမြဲလိုလို ဖြစ် ပွားခြင်းနှင့် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အဝင်လမ်းများကို ဖျက်ဆီးထားပြီး ပိတ်ပင်ထားခြင်းတို့ကြောင့် ဒေသခံအရပ်သားပြည်သူများမှာ ပတ်လမ်းဖြင့် သွား လာ ရောင်းဝယ်နေကြရသည်ဟု သိရသည်။
ကော့ကရိတ်မြို့နယ်နည်းတူ ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်ရှိ ရှောက်သီးခြံ ပိုင်ရှင် များလည်း ဈေးကောင်းမရရှိခြင်းနှင့် တိုက်ပွဲဖြစ်ပွား၍ သွားလာရေး အခက် အခဲကြောင့် ဒေသထွက်သီးနှံများ ခူးယူရောင်းချနိုင်ခြင်းမရှိတော့ကြောင်း ဒေသခံ များက ပြောသည်။



















