Home သတင်း ဒီးမော့ဆို စစ်ရှောင်စခန်းအနီး KTV နှင့် လောင်းကစားဝိုင်းများရှိနေသဖြင့် စစ်ရှောင်ပြည်သူများ စိုးရိမ်နေ

ဒီးမော့ဆို စစ်ရှောင်စခန်းအနီး KTV နှင့် လောင်းကစားဝိုင်းများရှိနေသဖြင့် စစ်ရှောင်ပြည်သူများ စိုးရိမ်နေ

928
Photo: Crd.

အောက်တိုဘာ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ရှောင် စခန်းများအနီးတွင် KTV နှင့် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားမှု ပိုမိုများပြား လာ သဖြင့် အလှူရှင်ထောက်ပံ့မှုမရှိတော့မည့်အရေး စစ်ရှောင်ပြည်သူများ စိုးရိမ်မှုရှိ နေကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်နီပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ဖက်တိုက် ပွဲများဖြစ်ပွား လျက်ရှိရာ မြို့နေလူထုအများစုမှာ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ တော၊ တောင်များထဲသို့ ရွှေ့ပြောင်းစစ်ရှောင်နေကြရသလို အဆိုပါနယ်မြေသည် စစ်ကောင်စီက မကြာခဏ ပစ်ခတ်လာသော လက်နက်ကြီးများကြောင့် လူထုအ သက်အိုးအိမ် ထိခိုက်နစ်နာမှု ရှိနေသော နေရာလည်းဖြစ်သည်။

လောင်းကစားဝိုင်းနှင့် KTV ဆိုင်များက အာဏာသိမ်းပြီးတစ်နှစ်အတွင်း အနည်း ငယ်ရှိခဲ့သော်လည်း ပြီးခဲ့သည့်လပိုင်းအတွင်း ပိုမိုများပြားလာရာ စစ်ရှောင်စခန်း အနီးတွင်ရှိနေခြင်းကြောင့်လည်းကောင်း၊ ဒီးမော့ဆိုအနောက်ခြမ်းသို့ ယခင်က အလှူရှင်ရောက်ရှိမှု ခက်ခဲသည့်အခြေအနေမှ ပိုမိုဆိုးဝါးလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံစစ်ဘေးရှောင်သူများက ပြောသည်။

စစ်ရှောင်အမျိုးသားတစ်ဦးက “ဘိလိယက်ခုံ၊ ဖဲဝိုင်း အလောင်းအစားဝိုင်းတွေ များလာတယ်။ စစ်ဘေးရှောင်စခန်းအနီးအနားမှာ KTV တွေ ဖွင့်လာတာကို တွေ့ရတော့ အလှူရှင်တွေက လာမလှူကြတော့မှာစိုးတယ်။ အဲဒီမှာ သွားအား ပေးတဲ့သူတွေက စစ်ရှောင်တွေမဟုတ်ဘူး။ စစ်ရှောင်က ထမင်းစားဖို့ တောင်အနိုင် နိုင်ရယ်လေ။ အာဏာသိမ်းပြီး တစ်နှစ်လောက်အထဲကရှိနေတာ အခု ၂လ ၃လအတွင်းမှာ ပိုဆိုးလာတယ်” ဟု ပြောသည်။

အဆိုပါလောင်းကစားဝိုင်းနှင့် KTV များအား မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက တာဝန်ခံ၍ဖွင့်လှစ်ထားသည်ကို မသိရှိရသော်လည်း တောတောင်များအကြား လက်နက်ကြီးကျရောက်မှု မရှိနိုင်သော နေရာများတွင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဒေသခံတစ်ဦးက “လောင်ကစားဝိုင်းကတော့ ပေါ်တင်မဟုတ်ဘဲ သိုသိုသိပ်သိပ် လုပ်နေကြတာတော့ရှိတယ်။ KTV ကတော့ စစ်ရှောင်စခန်းတွေနားမှာတင် ၂ ခုရှိတယ်။ အသံဆူညံတာမျိုးတွေရှိသလို တခါတလေဆိုရင် KTV လာတဲ့ကားတွေက လမ်းဘေး နားသေချာကပ်မရပ်တော့ လမ်းသွားလမ်းလာ အဆင်မပြေတာ တွေလည်းရှိတယ်။ စစ်ရှောင်စခန်းကော်မတီကတော့ ညဘယ်အချိန်၊ ဘယ်အချိန် တွေဆိုရင် KTV ဆိုင်ပိတ်ရမယ်၊ ဘာညာစာကပ်တာတွေ စာပို့တာတွေတော့ရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ပစ်ခတ်မှုများအကြား အုပ်ချုပ်ရေးယန္တရားကောင်းစွာ မလည်ပတ်နိုင်မှု ကြောင့် အနောက်ဖက်ခြမ်းရှိ အချို့ဒေသများတွင် လက်နက်ကိုင်ဆောင်၍ လုယက်ဓါး ပြတိုက်မှုနှင့် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူများလည်း ရှိနေသည်ဟု ကရင်နီဒေသ တွင်းမီဒီယာနှင့်ဒေသခံများ၏ ဖော်ထုတ်ပြောဆိုမှုအရ သိရသည်။

ထိုဒေသရှိ စစ်ရှောင်စခန်းများသို့ ရောက်ရှိရန်အတွက်လည်း လမ်းပန်းဆက် သွယ်ရေး အခက်အခဲ ရှိသည့်အတွက် အလှူရှင်ရောက်ရှိမှု မလွယ်ကူသည့် အခြေအနေတွင် စစ်ရှောင်ပြည်သူအချို့သည် ကိုယ့်အားကိုယ်ကိုး စပါးစိုက်ပျိုး ရေးလုပ်ငန်းများ လုပ်ကိုင်နေရသလို ယခုမိုးတွင်းကာလအတွင်း စပါးခင်းရေ နစ်မြှုပ်ပျက်စီးမှုများ ကြောင့် စားသောက်ရေးအခက်ကြုံနေရခြင်း ရှိနေသည်။