Home သတင်း တတိယနိုင်ငံသို့ အခြေမချသူများအတွက် အလုပ်အကိုင်နှင့် ပညာသင်ကြားခွင့်ရရှိရေး စဉ်းစားပေးရန် UNHCR အကြီးအကဲအား ဒုက္ခသည်များတောင်းဆို

တတိယနိုင်ငံသို့ အခြေမချသူများအတွက် အလုပ်အကိုင်နှင့် ပညာသင်ကြားခွင့်ရရှိရေး စဉ်းစားပေးရန် UNHCR အကြီးအကဲအား ဒုက္ခသည်များတောင်းဆို

1003
Photo: UNHCR

အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းအတွင်း ကာလကြာရှည် နေထိုင်ကြပြီး တတိယနိုင်ငံသို့ အခြေချ ရေးအစီအစဉ်တွင် မပါဝင်သူများကို အပြင်ထွက်အလုပ်လုပ်ခွင့်နှင့် ပညာသင်ကြား ခွင့်ရရှိရေး စဉ်းစား ပေးရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အကြီးအကဲ Filippo Grandi အား ဒုက္ခသည်များက တောင်းဆိုမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဘန်ကောက်မြို့အခြေစိုက် (UNHCR ) အကြီးအကဲ Filippo Grandi ထိုင်း-မြန်မာနယ်စပ် Ratchaburi ခရိုင်ရှိ ထမ့်မဟင်ဒုက္ခသည်စခန်းသို့ သွားရောက် လေ့လာစဉ် စခန်းကော်မတီဝင်များက ထိုသို့ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

စခန်းတာဝန်ရှိသူတစ်ဦးက “ကျမတို့က တတိယနိုင်ငံ သွားရောက်အခြေချရေးအစီအစဉ်ကို တင်ပြသလို မသွားဘဲ ကျန်ရှိနေတဲ့သူတွေအတွက်လည်း အလုပ်လုပ်ခွင့်ဖို့အတွက်ဖြစ်စေ၊ ပညာသင်ကြား ခွင့်အတွက်ပဲဖြစ်စေ ထည့်သွင်းစဉ်းစားပေးဖို့ တင်ပြပြောဆိုခဲ့ပါတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

UNHCR အကြီးအကဲ Filippo Grandi နှင့် ထမ့်မဟင်ဒုက္ခသည်တာဝန်ရှိသူတို့တွေ့ဆုံမှုတွင် စခန်း အတွင်း ကြုံတွေ့နေရသည့်အခြေအနေအပါအဝင် တတိယနိုင်ငံ နေရာချထားရေးအစီအစဉ်နှင့် စခန်းအ တွင်း ကျန်ရှိနေမည့်သူ၏ အခြေအနေများကို အဓိက တင်ပြဆွေးနွေးခဲ့သည်ဟု ဒုက္ခသည်စခန်း ကော်မတီဘက်က ပြောသည်။

အဆိုပါ လာရောက်တွေ့ဆုံမှုတွင် တတိယနိုင်ငံသို့ သွားရောက်အခြေချမည့်သူများအနေဖြင့် ဘဝပြောင်း လဲစေနိုင်သည့် အခွင့်အရေးတစ်ရပ်ဖြစ်သလို စခန်းတွင်းကျန်ရှိနေသေးသူများကိုလည်း UNHCR အနေ ဖြင့် လျစ်လျူရှုသွားမည်ဖြစ်မဟုတ်ဘဲ ဒုက္ခသည်အခွင့်အရေးများ ထပ်ရနိုင်အောင် ထိုင်းအစိုးရနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု အောက်တိုဘာလ ၁၆ရက်နေ့တွင် ထုတ်ပြန်သည့် UNHCR ထုတ်ပြန်ချက်၌ Filippo Grandi က ပြောဆိုထားသည်။

“အကြီးစား ပြန်လည်နေရာချထားရေးဟာ ဒီဒုက္ခသည်တွေအတွက် ဘဝပြောင်းလဲနိုင်တဲ့ အခွင့် အရေး ပါပဲ ဒါပေမယ့်လည်း လူတိုင်းကထွက်သွားမှာမဟုတ်ဘူး။ ကျန်နေသေးတဲ့ သူတွေအတွက်တော့ ဒုက္ခသည်အခွင့်အရေးတွေ ထပ်ရနိုင်အောင် ထိုင်းအစိုးရနဲ့ လက်တွဲပြီး အလုပ်လုပ်ခွင့် ဒါမှမဟုတ် ပညာသင်ကြားခွင့်တွေပေးဖို့ အရေးကြီးပါတယ်။” ဟု Filippo Grandiက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ ထမ့်မဟင်၊ ဘမ့်ဒုံယန်း၊ မယ်လအူး၊ မယ်ရာမို နှင့် ကရင် နီအမှတ် ၁၊ အမှတ် ၂ စသည့် ဒုက္ခသည်စခန်း (၉)ခုတွင် နှစ်ပေါင်းရှည်ကြာခိုလှုံနေကြသော ဒုက္ခသည်များ တတိယနိုင်ငံသို့ သွားရောက်အခြေချနိုင်မည့်အစီအစဉ်အတွက် လက်ရှိတွင် UN နှင့် ထိုင်းအစိုးရ အာဏာပိုင်ဘက်က လူဦးရေပြန်လည်စိစစ်အတည်ပြုသည့်လုပ်ငန်းစဉ် လုပ်ဆောင်နေဆဲဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်ကြသူများကို The Border Consortium (TBC) အဖွဲ့က အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးထားသော်လည်း လုံလောက် မှုမရှိ၍ ၎င်းတို့စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းနိုင်ရန် စခန်းပြင်ပသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ခွင့်ပေးရေး တောင်းဆိုဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်လေ့ရှိသည်။