အောက်တိုဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ (မြိတ်-ထားဝယ်)ခရိုင်၊ တနင်္သာရီမြို့နယ်ရှိကျေးရွာများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် များ မှ ညအချိန်လက်နက်ကြီးများဆက်တိုက် ပစ်ခတ်မှုကြောင့် စစ်ရှောင်နေကြရသည့် ဒေသခံများအနေဖြင့် ယနေ့ အချိန်ထိ စစ်ဘေးတိမ်းရှောင်နေရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG၏ ယနေ့ စက်တင်ဘာလ ၆ရက် ထုတ်ပြန်ချက်အရ သိရသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ တကိုင်ဒေသ၊ ဘန်လောကျေးရွာအတွင်းသို့ ဒေသတွင်း အခြေစိုက်နေသည့် စစ် ကောင်စီခြေမြန်တပ်ရင်း (ခမရ-၅၆၁) နှင့် ဗောဓိကမ်းတံတား စစ်ဆေးရေး ဂိတ်တို့မှ စက်တင်ဘာလ (၁၃) ရက်မှ စတင်ပြီး(၁၅)ရက်နေ့အတွင်း လက်နက်ကြီးအလုံးရေ(၃၀)ပစ်ခတ်မှုလုပ်ဆောင်သောကြောင့် ကျေးရွာ ဒေသခံများအနေဖြင့် နီးစပ်ရာသို့ စစ်ဘေးတိမ်းရှောင်မှုများ ပြုလုပ်နေရပြီး လက်ရှိကာလအထိ နေရပ်မပြန်နိုင် သေးကြောင်း KHRG က ဆိုသည်။
KHRG ပြောခွင့်ရသူ စောနန္ဒဆူးက “လက်နက်ကြီးတွေက ဆက်တိုက်ပစ်နေတုန်းပဲ ။ ဒေသခံတွေက ရွာပြန် မနေရဲသေးဘူး။ နေ့ပိုင်းအိမ်ပြန်ကြည့်ပြီး ညအချိန်ကတောထဲပြန်အိပ်တယ်။ IDP စာရင်းက အခုလော လောဆယ် မရသေးဘူး။ အခုအချိန်မှာလည်း သူတို့ပြေးတဲ့နေရာက ကူညီပေးနေတဲ့အဖွဲ့တွေနဲ့ အချိတ်အဆက် မရတာတွေလည်း ရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်ရှောင်နေရသည့် ဒေသခံများသည် လတ်တလောကာလတွင် သွားလာရေး လမ်းကြောင်း အနေ အထားအရ အကူအညီရရှိရန် ခက်ခဲသည့်အတွက်ကြောင့် ၎င်းတို့တွင်ပါလာသည့် ရိက္ခာအချို့ကိုသာ စား သောက်နေကြရပြီး နေရာထိုင်ခင်း အခက်အခဲများနှင့်ပါ ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ ဒေသအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့အကြား နှစ်ဖက် အပြန် အလှန် ပစ်ခတ်မှုမရှိဘဲ စစ်ကောင်စီတပ်ဖက်မှ အကြောင်းမဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံ ရွာသားများ အဓိက လုပ်ကိုင်စားသောက်သည့် လယ်ယာမြေအချို့ ပျက်စီးဆုံးရှုံးမှုများရှိနေကြောင်း လည်း KHRG ၏ ယနေ့ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။




















