Home သတင်း စစ်ကောင်စီတပ်ဖျက်ဆီးထားသည့် ရွာချင်းဆက်လမ်းကို KNLA နှင့် PDF တို့ ပြန်လည်ပြုပြင်ပေး

စစ်ကောင်စီတပ်ဖျက်ဆီးထားသည့် ရွာချင်းဆက်လမ်းကို KNLA နှင့် PDF တို့ ပြန်လည်ပြုပြင်ပေး

755
Photo: Crd.

အောက်တိုဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီတပ်က ဖျက်ဆီးထားသော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁) နယ်မြေ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ဒေါက်ရပ်နှင့် ခဲမောက်ကျေးရွာချင်းဆက်လမ်းကို ယခုလ အောက်တို ဘာလ ၂၂ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့-PDF ပူးပေါင်းတပ်ဖွဲ့တို့က လမ်းမြေပြန်ဖို့ကာ ပြုပြင်ပေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေလတွင် စစ်ကောင်စီတပ်က မြေတူးကားဖြင့် ဖြိုဖျက်ခဲ့သော အဆိုပါ ရွာချင်းဆက်လမ်းကို ဒေသခံလူထုများ သွားလာလွယ်ကူစေရန်အတွက် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့်တောကျီးကန်းစစ်ကြောင်းနှင့် တပင်ရွှေထီးစစ်ကြောင်းတို့က ပြန်လည်မြေဖို့ကာ လမ်းပြုပြင်ပေးခြင်းဖြစ်သည်ဟု KNU တာဝန်ရှိသူက ပြောသည်။

KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူး စောကျော်မြင့်က “ အဲဒီရွာချင်းဆက်လမ်းတစ်ခုကတော့ ဒီဘက်ကေအဲန်ယူနဲ့ PDFတွေပေါင်းပြီး သွားပြန်ပြင်ပေးပြီးပြီ။ ဒေသခံတွေကလည်း သွားလာလို့ရပြီး။ အခုလောလောဆယ်တော့ အဲဒီမှာက ဘာမှတော့ထူး တာမရှိဘူး။ စကစတွေဘက်ကလည်း မြို့ထဲမှာပဲရှိတယ်ပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဝင်ထွက်သွားလာ၍ မရအောင်အတွက်ဆိုကာ ကေအဲန်ယူ တပ်မဟာ(၁) နယ်မြေရှိ ဒေါက်ရပ်-ခဲမောက်ရွာချင်းဆက်လမ်း၊ ဝီယော် -လေးကေ ရွာချင်းဆက်လမ်းနှင့် ကျိုက် ထိုမြို့နယ်ရှိ ပျဉ်းကတိုးကုန်းလမ်းအပါအဝင် စုစုပေါင်းလမ်း ၆ ခုထက်မနည်း စစ်ကောင်စီတပ်က ဖျက်ဆီးထားပြီး လက်ရှိတွင် ဒေါက်ရပ်-ခဲမောက်ရွာချင်း ဆက်တစ်ခုသာ ပြန်လည် ပြုပြင်ပေးနိုင်သေးသည်ဟု ကေအဲန်ယူက ပြောသည်။

Photo: Crd.

၎င်းအပြင် ဝီယော်ရွာ စစ်ကောင်စီစခန်းအနီးရှိ ဖျက်ဆီးထားသည့် ရွာချင်းဆက်လမ်းကိုလည်း စစ်ကောင်စီတပ်ဘက်မှ ယာယီပျဉ်ပြားဖြင့် ခင်း၍ ဒေသခံလူထုများကို အချိန်ပိုင်းသွားခွင့်ပေးကာ ကားတစ်စီးကို ငါးထောင်ကျပ်တောင်းခံလျက်ရှိသည်ဟု ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။

“အဲဒီဝီယော်စခန်းအရှေ့လမ်းက ပြည်သူတွေသွားရင် ပျဉ်ပြားနဲ့လမ်းထိုးထားတယ်။ သွားပြီးရင် အဲဒီပျဉ် ပြားက သူတို့စခန်းမှာ သွားပြန်သိမ်းတယ်။ ဒေသခံတွေက သွားချင်ရင် သူတို့စခန်းထဲမှာ သွားယူ ပြီးပြန် ခင်းရတယ်။ သွားပြီးရင် ပြန်ထားရတယ်။ ကားတစ်စီးကို အသွား ငါးထောင်၊ အပြန်ငါးထောင် ပေးရ တယ်။ ပြီးတော့ ည ၆နာရီကျော်ရင် ဘယ်သူမှသွားမရတော့ဘူး”ဟု ဗိုလ်မှူး စောကျော်မြင့်က ဆက်ပြောသည်။

ကေအဲန်ယူ တပ်မဟာ (၁ )သထုံခရိုင် နှင့် တပ်မဟာ (၆) ဒူးပလာယာခရိုင်ရှိ ရွာချင်းဆက်လမ်မကြီး အများအပြားကို စစ်ကောင်စီက ဖျက်ဆီးထားသကဲ့သို့ ကေအဲန်ယူ တပ်မဟာ(၂) တောင်ငူခရိုင်နှင့် တပ်မဟာ(၃) ညောင်လေးပင်ခရိုင်ဘက်တွင်လည်း စစ်ကောင်စီတပ်က အလားတူ လမ်းဖျက်ဆီးမှုများ ပြုလုပ်ပြီး ဒေသအတွင်းစားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ဆောင်ခွင့်များကိုလည်း ပိတ်ပင်ထားသည်ဟု နယ်မြေခံများထံမှ သိရသည်။