အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယခုလအတွင်း ကလေးငယ်များ နှာစေး၊ ချောင်းဆိုးပြီး ဖျား နာသူများပြားနေကြောင်း ဒေသခံများက ပြောသည်။
ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများအားလုံးနီးပါးတွင် ကလေးသူငယ်များအကြား နှာစေး၊ ချောင်းဆိုး၍ ဖျားနာသူသူများပြားသောကြောင့် စာသင်ကျောင်းအချို့ပါ ပိတ်ထားရကြောင်း ဒေသခံ ကရင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ယခုလို ပြောသည်။
“အခုက ကျေးရွာတိုင်းလိုလို နှာစေးချောင်းဆိုးတာဖြစ်တယ်။ နေမကောင်းတဲ့ကလေးတွေများလို့ စာသင် ကျောင်းတောင်အချို့ပိတ်ထားရတယ်။ ကလေးငယ်တွေတော့ ဖြစ်တာအများဆုံးပဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ယခု ကလေးသူငယ်များ ဖြစ်ပွားနေသည့် နှာစေးချောင်းဆိုးခြင်းသည် ယခင်ဖြစ်ပွားသည့် ရာသီတုပ် ကွေးနှင့်မတူဘဲ ရောဂါခံစားရမှု ရက်ကြာရှည်ပြီး ရိုးရာကုထုံးနည်းများဖြင့်ပါ ကုသနေကြရကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံတစ်ဦးက “အရင်ဖြစ်တဲ့တုပ်ကွေးက ဆေးသောက်တာပျောက်တယ်။ အခုကဆေးသောက်လည်း မထိဘူး။ အချို့ကလည်း သစ်ရွက်(ဆေး) တွေပြန်သောက်ကြတယ်။ ထိတာလည်းရှိတယ်။ တစ် ယောက်နဲ့ တစ်ယောက်တော့မတူဘူး။ “ဟု ကေအိုင်စီသို့ ပြောသည်။
နှာစေးချောင်းဆိုးပြီး နေမကောင်းဖြစ်သူများပြားသည့်အပြင် မျက်စိနာသူများလည်းရှိပြီး ကြက်၊ ဝက် စသည့် အိမ်မွေးတိရစ္ဆာန်များပါ ရောဂါဖြစ်၍ သေဆုံးမှုများပြားလာကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် နှာစေးချောင်းဆိုးပြီး ဖျားနာသည့် ကလေးသူငယ်အများစုမှာ အသက် (၁၅)နှစ်အောက်ကလေး ငယ်များသာဖြစ်ပြီး နေမကောင်းဖြစ်၍ ပြန်လည်သက်သာသည့်ကလေးငယ်များလည်း အအေးမိကာ အချိန်အတော်အကြာ ပြန်၍နှာစေးချောင်းဆိုးမှု ဖြစ်လေ့ရှိကြောင်းလည်း ဒေသခံများက ပြောသည်။



















