Home သတင်း လှိုင်းဘွဲ၊ ပိုင်ကျုံမြို့နယ်တွင် ခြံမြေများကို မြေကွက်ရိုက်ရောင်းချသူ များပြားလာ

လှိုင်းဘွဲ၊ ပိုင်ကျုံမြို့နယ်တွင် ခြံမြေများကို မြေကွက်ရိုက်ရောင်းချသူ များပြားလာ

1004

စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်များတွင် ယခုတလော ကျေးရွာဒေသများမှ ဒေသခံပြည်သူများသည် ၎င်းတို့ခြံမြေများကို မြေကွက်ရိုက်ရောင်းချမှု များပြားလာနေကြောင်း ဒေသခံများက ပြောသည်။

ထိုဒေသမှ ဒေသခံများသည် ၎င်းတို့၏ ရာဘာခြံများ၊ ကားလမ်းဘေးရှိ အလွတ်ခြံမြေများကို အကွက်ရိုက်ကာ ရောင်းချနေကြခြင်းဖြစ်ပြီး လတ်တလော စားဝတ်နေရေး၊ အလုပ်အကိုင်ရှားပါးသည့်အခြေအနေကြောင့် ယခုလို အကွက်ချရောင်းချလာကြခြင်းဖြစ်ကြောင်း ကိုယ်တိုင်ရောင်းချသူ လှိုင်းဘွဲမြို့နယ်ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“မင်းအောင်လှိုင်အာဏာခိုးပြီးကတည်းက ရေကြီးတယ်။ ဈေးတက်တယ်။ အလုပ်အကိုင်ရှားလာတယ်။ စားဝတ် နေရေးအတွက်ရှိတာရောင်းရတော့တာပဲ။ ခြံကွက်ကို ဖဲ့ရောင်းရတာပေါ့။ ကိုယ့်ခြံအကျယ်ကြီးကို ဘယ် ရောင်းချင်မလဲ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ဒေသတွင်း ပဋိပက္ခများကြောင့် ဒေသခံပြည်သူလူထုများ သည် အလုပ်အကိုင်ရှားပါးနေပြီး အဆမတန်မြင့်တက်လာနေသည့် ကုန်ဈေးနှုန်းများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ၎င်းတို့ခြံမြေများကို ရောင်းချကာ စားဝတ်နေရေးကို ဖြေရှင်းနေကြရသည်ဟု မြေကွက်ရိုက် ရောင်းချသူများက ဆိုသည်။

ယခုလိုမြေကွက်များကို အကွက်ရိုက်ရောင်းချမှုတွင် တချို့မှာ အမှန်တကယ်ရောင်းချနေကြသူများရှိသလို တချို့ အိမ်ခြံမြေပွဲစားများက နယ်မြေခံလက်နက်ကိုင်များနှင့်ပေါင်း၍ ခြံအကွက်ရိုက်ရောင်းကာ ဝယ်ယူသူများ ထံသို့ လိမ်လည်ရောင်းချပြီးသောအခါ ၎င်းမြေကွက်များသည် တပ်ပိုင်းမြေ(သို့မဟုတ်) လက်နက်ကိုင်မြေဟု ပြောဆိုကာ ပြန်သိမ်းခံရသည့် ဖြစ်စဉ်များလည်းရှိနေကြောင်း ကိုယ်တွေ့ကြုံရသူ ဒေသခံများက ပြောသည်။

“ကျနော်တို့ ပိုင်ကျုံမှာ ဝယ်တုန်းက ခြံစည်းရိုးခတ်ရုံရှိသေးတယ်။ နောက်ကျတော့ လက်နက်ကိုင်ပိုင်တဲ့မြေတဲ့။ ဖယ်ပေးပေါ့။ ရောင်းတဲ့စာချုပ်တွေပြတော့လည်း အသုံးမဝင်ဘူးတဲ့။ ကျနော်တို့ နောက်မှပြန်သိရတာက အဲ့ပွဲ စားက လက်နက်ကိုင်ထဲက။ လမ်းဘေးနားတွေမှာ သူအကွက်ရိုက်ရောင်းပြီးပြန်သိမ်းတာတွေအများကြီးတဲ့။ အကြောင်းသိသူတွေ ပြန်ပြောမှ ကျနော်တို့သိရတာ”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်များတွင် ငွေကြေးတတ်နိုင်သူများသည် မြေကွက်များ၊ ခြံများကို လိုက်လံဝယ်ယူနေပြီး ခြံမြေဈေးကွက်များ အရောင်းအဝယ်ကောင်းလာသောကြောင့် ရောင်းချသူများသလို လိမ်လည် ရောင်းသူများလည်းပေါများလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

အလားတူ ဖားအံမြို့နယ် အိမ်ခြံမြေဈေးကွက်မှာလည်း အရောင်းအဝယ်နေ့စဉ်ရှိနေပြီး ခြံမြေဈေးကွက်များ တဖြည်းဖြည်းမြင့်တက်လာသည့်အတွက် ရောင်းချနေသူများလည်း များလာနေကြောင်း ဒေသခံများက ပြောသည်။