Home သတင်း ရာဘာဈေးကျဆင်း၍ ရာဘာပင်များကို ခုတ်ရောင်းသူများပြားလာ

ရာဘာဈေးကျဆင်း၍ ရာဘာပင်များကို ခုတ်ရောင်းသူများပြားလာ

1272

စက်တင်ဘာ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့နယ်အတွင်းရှိ ရာဘာစိုက်သည့် ဒေသခံအချို့သည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရာဘာဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာသောကြောင့် ရာဘာအစေး ထုတ်ခြင်းထက် ရာဘာပင်များကို ခုတ်ရောင်းသူများပြားလာကြောင်း ဒေသခံများက ပြောသည်။

၎င်းမြို့နယ်အတွင်းရှိ ကျေးရွာနေဒေသခံများသည် တောင်ယာစိုက်ခင်းများနှင့် ရာဘာစိုက်ပျိုးရေးတို့ကို အဓိက စီးပွားရေးအဖြစ် လုပ်ကိုင်နေကြပြီး ယမန်နှစ်ထက် ရာဘာအထူကြမ်းတစ်ပေါင်လျှင် (၁၀၅၀) ကျပ်ဝန်းကျင်မှ ယခုနှစ်တွင် ၈၀၀ ကျပ်မှ ၇၀၀ကျပ်သို့ ဈေးနှုန်းကျဆင်းသွားသလို ယခုလက်ရှိ မြင့်တက်နေသောဓာတ်မြေ ဩဇာ ဈေးနှုန်းနှင့် လုပ်ငန်းလည်ပတ်နိုင်ရန် ခက်ခဲလာသည့်အတွက် ရာဘာအစေးထုတ်ခြင်းထက် ရာဘာပင်များကို ခုတ်ရောင်းသူများလာသည်ဟု ရာဘာစိုက်ပျိုးသူ စောအောင်ဌေးက ပြောသည်။

၎င်းက“ရာဘာလုပ်ငန်းဆိုတာက ကျနော်တို့ မိဘတွေချန်ထားပေးတဲ့အမွေတစ်ခုပဲ။ အခုအချိန်မှာဘယ်လိုမှ လုပ်ငန်းလည်ပတ်ဖို့ အဆင်မပြေဘူး။ အာဏာသိမ်းပြီးကတည်းက ကုန်ဈေးနှုန်းကတက် မြေဩဇာတောင်ဝယ် မထည့်နိုင်တဲ့အတွက် လုပ်ငန်းကဘယ်လိုမှလည်ပတ်နိုင်ခြင်းမရှိတော့ ခုတ်ရောင်းဖို့ပဲ ရွေးချယ်ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်၊

ယခုလိုခုတ်ရောင်းရာတွင် ရာဘာအပင်ကြီးတစ်ပင်ကို နှစ်သောင်းကျော်သုံးသောင်းဝန်းကျင်အထိ ပေါက်ဈေး ရှိနေပြီး ၎င်းအပင်များကို မွန်ပြည်နယ်၊ မုဒုံမြို့နှင့် အခြားဒေသများတွင်ပြန်လည်ရောင်းချပြီးနောက် သစ် အချော ထည်သုံးထပ်သားများ ပြန်လည်ပြုလုပ်နေကြသည်ဟု ဒေသခံများက ဆိုသည်။

“တချို့ကျတော့ အစေးမထွက်တော့ ရောင်းတာ။ တချို့ကျတော့ ဈေးနှုန်းတွေကြောင့်မလုပ်နိုင်တော့လို့ ရောင်း ကြတာ။ အခုလိုမျိုးဖြစ်ပေါ်နေတာက ကရင်ပြည်နယ်ရဲ့ ရာဘာထွက်နှုန်းလည်းကျဆင်းသွားနိုင်တယ်” ဟု ရာဘာပင်များကို ခုတ်ရောင်းသည့် အခြေအနေအပေါ် ကေအဲန်ယူ လှိုင်းဘွဲမြို့နယ် တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

၎င်းမြို့နယ်အတွင်းရှိ ရာဘာပင်ခုတ်ရောင်းသော ဒေသခံများသည် ရာဘာပင်သာမက ရာဘာခြံများကိုပါ မြေ ကွက်ရိုက်ကာ ရောင်းနေကြပြီး ရာဘာလုပ်ငန်းကို ရှေဆက်လုပ်ကိုင်လိုသူများနည်းပါးလာနေသည်ဟု လည်း ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ခုနှစ်၊ ရာဘာစိုက်ပျိုးထုတ်လုပ်မှု စာရင်းများအရ ကရင်ပြည်နယ်အတွင် စုစုပေါင်း ရာဘာ စိုက်ဧက (၂၆၉,၀၅၅) ၊ ရာဘာအစေးလှီးဧက (၁၆၈,၀၂၈)ဧကရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ နောက်ဆုံး ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။