Home သတင်း မြဝတီမြို့ပေါ်တွင် အများသုံးသောက်ရေသန့်ဗူးကြီး ဈေးနှုန်း နှစ်ဆကျော်မြင့်တက်လာ

မြဝတီမြို့ပေါ်တွင် အများသုံးသောက်ရေသန့်ဗူးကြီး ဈေးနှုန်း နှစ်ဆကျော်မြင့်တက်လာ

1273
Photo: CJ

စက်တင်ဘာ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်တွင် အများသုံးသောက်ရေသန့်ဗူးကြီး ဈေးနှုန်းမှာ ပြီးခဲ့သည့် ဩဂုတ်လ တတိယအပတ်မှစ၍ ယခင်ဈေးထက်နှစ်ဆကျော်မြင့်တက်လာကြောင်း မြဝတီမြို့ခံများက ပြောသည်။

မြဝတီမြို့ပေါ်တွင် ယခင်က သောက်ရေသန့်ဗူးကြီး တစ်ဗူးလျှင် ၇၀၀ ကျပ်ရှိရာမှ လက်ရှိတွင် ၁၅၀၀ ကျပ်အထိရှိလာပြီး ဈေးကြီးပေး၍ဝယ်ယူ သောက်သုံးနေရကြောင်း အမည်မဖော်လို သူ မြဝတီမြို့ခံ တစ်ဦးက ပြောသည်။

၎င်းက “လက်ရှိက တစ်ဗူးကို ၁၅၀၀ ပေးရတယ် သောက်ရေသန့်ဗူးကြီးကို။ ဘာလို့အဲ့လောက်ထိတက် လာတာလည်းတော့ မသိဘူး။ အရင်ကဆို တစ်ဗူး ၇၀၀ ပဲပေးရတယ်။ ရေကရှားလာလို့ ဈေးတက်ရင် လည်း တစ်မျိုး။ အခုဟာက တစ်လထက်တစ်လ ဈေးတက်လာတာ။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီအုပ်ချုပ်သည့် (၂)နှစ်ကျော်ကာလအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် ဈေးတက်လာသည့်အပြင် ယခုလို ရေသန့်ဗူးကြီးများပါ ဈေးတက်လာခြင်းကြောင့် မြို့ပေါ်ရပ်ကွက်နေ လက်လုပ်လက်စား အခြေခံလူတန်းစားများအနေဖြင့် အခက်တွေ့နေကြရပြီး ရေသန့်ဗူးကြီးအစား ရေ တွင်းရေနှင့် နေအိမ်အနီးရှိ ချောင်းရေများကို ခပ်ယူကာကျိုချက်သောက်သုံးမှုများ ပြုလုပ်နေရကြောင်း ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

“အဲ့လိုတွေဈေးတက်လာတော့ ရေတွင်းရေသောက်တယ်။ တချို့တွေကျတော့လည်း ချောင်းနားကရေ ကိုမော်တာနဲ့ စုပ်ပြီး ပြန်ကျိုသောက်ကြတာတွေ ရှိတယ်။ အကုန်လုံးက ဈေးတက်လာတော့ မတတ် နိုင် တော့ဘူးလေ။ ဒီစစ်တပ်က အုပ်ချုပ်တော့မှာပဲ ရေသန့်ဗူးကြီးလည်း ထောင်ကျော်ပေး သောက်နေရပြီး။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

မြဝတီမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က ခရိုင်ရဲစခန်းဒရုန်းဗုံးချတိုက်ခိုက်ခံရမှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် ထိပ်ပိုင်းအရာရှိ ၅ဦးပွဲချင်းပြီးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူများ များပြားသည့်ဖြစ်စဉ်ကြောင့် လက်ရှိတွင် မြို့အတွင်း လုံခြုံရေးတင်းကြပ်စွာ ချမှတ်စစ် ဆေးမှု များပြုလုပ်နေကြောင်း မြဝတီမြို့ခံများက ပြောသည်။