Home သတင်း ထိုင်းဘက်ခြမ်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၈၀ခန့် ဝင်ရောက်တပ်စွဲနေ

ထိုင်းဘက်ခြမ်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၈၀ခန့် ဝင်ရောက်တပ်စွဲနေ

1091
ထိုင်းနယ်စပ် လေးတော်ခို့ ကျေးရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများကို တွေ့မြင်ရစဉ် -ပုံ-ဒေသခံ

စက်တင်ဘာ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက် ခြမ်းရှိ လေးတော်ခို့ ကျေးရွာအနီးဝန်းကျင်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်အင် အား ၈၀ ခန့် ဝင်ရောက်တပ်စွဲနေထိုင်ပြီး ယနေ့အချိန်ထိ ပြန်လည်ထွက်ခွာခြင်း မရှိသေး ကြောင်း ဒေသခံထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ကြာအင်းဆိပ်ကြီးမြို့နယ် ဖူချိမုကျေးရွာ စစ်ကောင်စီတပ်စခန်းအထိကို ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့က စစ်ရဟတ်ယာဉ်ဖြင့် တက်လာပြီးနောက် ထိုမှတဆင့် နှစ်ဖွဲ့ခွဲကာ တစ်ဖွဲ့မှာ ထိုဒေသတွင် စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ကျန်သည့်တစ်ဖွဲ့မှာ နယ်စပ်ထိုင်းဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာကာ လေးတော်ခို့ကျေးရွာအနီးဝန်းကျင်တွင် ဝင်ရောက်တပ်စွဲနေထိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

နယ်မြေခံ ထိုင်းဒေသအာဏာပိုင်တစ်ဦးက “သူတို့လာတာက ထိုင်းနိုင်ငံဘက်ခြမ်းထဲကိုတော့ ရောက်ပြီး ဒါပေမယ့် အတွင်းထဲအများကြီးမဟုတ်သေးဘူး။ နယ်စပ်အလယ်လောက်မှာပဲရှိတယ်။ အဲဒီမှာ သူတို့တပ်စခန်းမရှိဘူး၊ ရှိတာက ကွီလုံးတိုင်မှာရှိတယ်။ အဲဒီစခန်းမှာရှိတဲ့ သူတို့လူတွေကလည်း ရိက္ခာ ပြတ်တာကြာပြီးဆိုတော့ သူတို့ အဲဒီကိုသွားဖို့က အတွင်းဘက်လမ်းကြောင်းသွားရင် သူများပစ်တော့ သူတို့က ဒီနယ်စပ်ပေါ်မှာပဲ သွားနေရတယ်။ ထိုင်းဘက်ကို အများကြီးမဝင်လာတော့ ထိုင်းဘက် ကလည်း သူတို့ကိုသွားပြောလို့မရဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လေးတော်ခို့ကျေးရွာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်က ဝင်ရောက် တပ်စွဲနေထိုင် သည့်အတွက် ဒေသခံများမှာ သတိနှင့်နေထိုင်ကြရပြီး ဝင်ထွက်သွားလာ၍ မရဲကြကြောင်း ဒေသခံများက ပြောသည်။

ထိုင်းနယ်စပ် လေးတော်ခို့ ကျေးရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများကို တွေ့မြင်ရစဉ် -ပုံ-ဒေသခံ

ဖုချိမု စစ်ကောင်စီတပ်စခန်းသို့ စစ်ရဟတ်ယာဉ်ဖြင့် တပ်အင်အားလာရောက်ပို့ဆောင်သည့်အချိန်တွင် ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ ဒေသခံတစ်ဦးက “သူတို့က မုချိမုစခန်းမှာလေယာဉ်နဲ့တက်လာတာ ဟုတ် တယ်။ ဩဂုတ်လ ၂၉ရက် နဲ့ ၃၀ရက်နေ့မှာ ဆက်တိုက်ပဲ။ လေယာဉ် ၂ စင်းနဲ့တက်တယ်။ တစ်စင်းက စခန်းထဲကို ဆင်းသွားတယ် လူတွေလည်းဆင်းသွားတယ်။ တစ်စင်းက အပေါ်မှာပဲ ပျံဝဲတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ကောင်စီ ကွီးလုံးတိုင်စခန်းကို ကရင်အမျိုး သားလွတ် မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့က မကြာခဏ တက်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က လက်နက်အင်အားနှင့် လူအင်အား ပြန်လည် ပို့ဆောင်ပေးလေ့ရှိသည်ဟု နယ်မြေခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၃)ရက်နေ့တွင်လည်း အဆိုပါစခန်းသို့ ရိက္ခာနှင့်လက်နက်ခဲယမ်းလာရောက် ပို့ဆောင် သည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို KNLA နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF စစ် ကြောင်း ၁ တို့ ကြားဖြတ်တိုက်ခိုက်သည့်အတွက် စစ်ကြောင်းတစ်ခုလုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့သေးသည်ဟု KNLA ဘက်က ပြောသည်။