Home သတင်း တာ့ခ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းကျောင်းသားများအတွက် စာပေအနုပညာ ယဉ်ကျေးမှုပြိုင်ပွဲပြုလုပ်

တာ့ခ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းကျောင်းသားများအတွက် စာပေအနုပညာ ယဉ်ကျေးမှုပြိုင်ပွဲပြုလုပ်

969

စက်တင်ဘာလ ၉ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ် ၃ ခုမှ မြန်မာရွှေ့ပြောင်းကျောင်းသားများအတွက် စာပေအနုပညာ ယဉ်ကျေးမှုပြိုင်ပွဲကို ယနေ့စက်တင်ဘာလ ၉ ရက်နေ့တွင် မဲဆောက်မြို့ရှိ ဆာသူးလေမြန်မာ ရွှေ့ပြောင်းအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

COTTON:ON Foundationနှင့် MIGRANT EDUCATIONAL COORDINATION CENTER ဦးဆောင်ပြီး မဲဆောက်၊ ဖို့ဖရနှင့် မဲ့လမတ် စသည့် မြို့နယ် ၃ ခုရှိ မြန်မာရွှေ့ပြောင်းကျောင်း ၁၈ ကျောင်းမှ ကျောင်းသူကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပြိုင်ပွဲကို ကျောင်းသူကျောင်းသားများ၏ ရှေ့ဆက်အခွင့်အရေးအနာဂတ်လမ်းစများကို လမ်းပြပေးသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ဆားသူလေအထက်တန်းကျောင်း၏ ဒါရိုက်တာ ဆရာ မနော်‌ဖော‌ရေက ကေအိုင်စီသို့ ယခုလို ပြောသည်။

“လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ကျောင်းပေါင်းစုံပြိုင်ပွဲမှာ၅ ကျောင်းသာ ပြိုင်ပွဲဝင်ပြိုင်နိုင်ကြပြီးတော့ ဒီ ၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းပေါင်း ၁၈ ကျောင်းဝင်ရောက်ယှဉ်ပြိုင်နိုင်ကြပါတယ်။ လက်ရှိအနုပညာပြိုင်ပွဲများ လုပ်ပေးခြင်းကြောင့် ကလေး တွေမှာရှိတဲ့ ပင်ကိုအစွမ်းအစ စွမ်းရည်တွေကို ထုတ်ဖော်ခွင့်ရရှိပါတယ်။ ကလေးတွေမှာရှိတဲ့အနုပညာ၊ လက်မှုပညာ စာပေ ဉာဏ်အသိပညာတွေကိုလည်း ဖလှယ်ခွင့်ရှိတဲ့အပြင် မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုပိုရှိလာပါတယ်။ ဒါတွေ ဟာက လေးတွေရဲ့ အခွင့်အရေးတွေရဲ့ လမ်းစများကို ဖွင့်လိုက်တာြဖစ်ပါတယ်။ ”ဟု ဆရာနော်ဖောရေက ပြောသည်။

ယနေ့ပြိုင်ပွဲအစီအစဉ်သို့ ကျောင်းသူ၊ ကျောင်းသားများနှင့်အတူ ဆာသူးလေဖောင်ဒေးရှင်း၊ ထိုင်းပညာရေး ဖောင်ဒေးရှင်း၊ မြန်မာရွှေ့ပြောင်းလုပ်သားများ ပညာရေးကော်မတီ -BMWEC၊ Help Without Frontiers ၊ မြန်မာရွှေ့ ပြောင်းဒေသ ဆရာ ဆရာမများအစည်းအရုံး -BMTA၊ COTTON:ON Foundation စသည့် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်း ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး လူဦးရေစုစုပေါင်း တစ်ထောင်ဝန်းကျင်ခန့် ပါဝင်ခဲ့ကြသည်။

ထို့အပြင် ယနေ့ ပြိုင်ပွဲတွင် ပန်းချီ၊ သီချင်း၊ လက်မှုပညာ၊ သင်္ချာတွက်ချက်ခြင်း၊ ပုံပြင်ပြောပြိုင်ပွဲ၊ ထိုင်းရိုးရာ ယဉ်ကျေးမှု ပြိုင်ပွဲနှင့် အလှအပဆင်ခြင်း စသည့်စွမ်းရည်များကို ပြိုင်ဆိုင်ကြရခြင်းဖြစ်ပြီး အစားအသောက်များဖြင့်လည်း ကျွေးမွေးဧည့်ခံခဲ့ကြပါသည်။

ပြိုင်ပွဲဝင်ကျောင်းသူတစ်ဦးက “ဒီလိုမျိုးပွဲလုပ်တာ ကျောင်းသားတွေအတွက် စိတ်လှုပ်ရှားစရာလည်းကောင်းတယ်။ ကျောင်းသားတွေအမြင်လည်း ကျယ်လာတယ်။ စာသင်ခန်းထဲမှာ စာတစ်မျိုးပဲသင်တာထက် ဒီလိုမျိုးပြိုင်ပွဲတွေ လုပ်ပေးတဲ့အတွက် ကျောင်းသားတွေက ပိုပြီးတက်ကြွမှုရှိတယ်။ တစ်ကျောင်းနဲ့တစ်ကျောင်းလည်း ခင်မင် ရင်းနှီးမှုသိခွင့်တွေ့ရတာပေါ့။ နောက်နှစ်တွေမှာလည်း ဒီလိုမျိုးအစီအစဉ်တွေလည်း ထည့်ပေးစေချင်ပါတယ်”ဟု ပြောသည်။

ယခုပြုလုပ်သည့် စာပေအနုပညာယဉ်ကျေးမှုပြိုင်ပွဲတွင် အောင်မြင်သွားသည့် ကျောင်းသားကျောင်းသူများကို အခြားသော ထိုင်းပညာကျောင်းများမှ ကျောင်းသူကျောင်းသားများနှင့်အတူ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ပါဝင်ခွင့်ပြုသွားမည်ဟုလည်း တာဝန်ရှိသူများက ပြောသည်။