Home သတင်း ဆန်များပြတ်လပ်လာ၍ အရှေ့တောနယ် ဒေသခံများ ငှက်ပျောသီးကိုသာ အစားထိုးစားသုံးနေရ

ဆန်များပြတ်လပ်လာ၍ အရှေ့တောနယ် ဒေသခံများ ငှက်ပျောသီးကိုသာ အစားထိုးစားသုံးနေရ

611
Photo: Crd.

စက်တင်ဘာ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသရှိ ကျေးရွာများတွင် ဆန်များပြတ်လပ်လာ သည့်အတွက် ဒေသခံများအနေဖြင့် ငှက်ပျောသီးများကိုသာ စားသောက်နေရကြောင်း ကျေးရွာနေ ဒေသခံ များက ပြောသည်။

အရှေ့တောနယ်ဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်မှစတင်ကာ ဆန်သယ်ဆောင်ခွင့်ကို စစ်ကောင်စီ ဘက်က ပိတ်လိုက်ခြင်းဖြစ်ပြီး ယခုလမှစ၍ ကျေးရွာများတွင် ဆန်ပြတ်လပ်မှုများ ဖြစ်ပေါ်နေကာ ဒေသခံများ အနေဖြင့် မိမိခြံထဲရှိ ငှက်ပျောသီးအပြင် အခြားသီးနှံများကိုသာ စားသုံးနေရကြောင်း ကျေးရွာနေဒေသခံ တစ်ဦး က ယခုလို ပြောသည်။

“ရှေ့လကတည်းက စစ်တပ်က ဆန်ကို ဖြတ်လိုက်တာဆိုတော့ ဒီနောက်ပိုင်းရွာတွေမှာ ဆန်တွေ မရှိတော့ဘူး။ အဲ့တာနဲ့ပဲ ခြံထဲမှာရှိတဲ့ ငှက်ပျောသီးတွေ၊ အသီးအနှံတွေ ပြုတ်စားတဲ့ဟာစား။ ရေရှည်မှာ အဆင်မပြေတော့ဘူး။ ရွာမှာ ဆန်ဈေးတစ်သိန်းနှစ်သောင်း။ ဆိုင်တွေရောင်းတောင် မရောင်းပေးတော့ဘူး။” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

အရှေ့တောနယ်ဒေသရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မကြာခဏ စစ်ကြောင်းထိုး ဝင် ရောက်မှုများပြုလုပ်နေခြင်း၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တောနင်းရှာဖွေမှုများ ပြုလုပ်နေခြင်း တို့ကြောင့် ဆန်မှောင်ခိုသယ်ဆောင်ရာတွင် အခက်အခဲများရှိနေသည့်အပြင် ဆန်ဈေးမှာ တစ်လထက် တစ်လဈေးနှုန်း မြင့်တက်နေသည့်အတွက် ဝင်ငွေမရှိသော ဒေသခံများအနေဖြင့် အခက်တွေ့နေရကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “အရှေ့တောက တချို့ရွာတွေမှာက စစ်တပ်ကခဏ ခဏဝင်နေတာ။ အဲ့တော့ စပါးလည်း အရင်က လောက်မစိုက်ဖြစ်ကြဘူး။ ဟိုတလောက ဘယ်လောက်ထိ လုပ်ရက်လဲဆို ဆန်ရလာတာကို ရွာသားတွေ ကိုမပေးဘဲနဲ့ ဈေးကောင်းရတဲ့ တခြားနေရာတွေကို သွားရောင်းလိုက်တယ်။ အဲ့လောက်ထိကို အခြေနေဆိုး တာ။” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ တနင်္သာရီတိုင်းဒေသအတွင်းရှိ အခြားမြို့နယ်နှင့်ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ တိုက်စစ်အသွင်ပြောင်းကာ စစ်ကြောင်းထိုးဝင်ရောက်မှုများကို ဆက်တိုက်ပြုလုပ်လာပြီး ကျေးရွာရှိအရပ်သား နေအိမ်များကို ဖောက်ထွင်းခြင်း၊ မီးရှို့ခြင်းများကို ပိုမိုပြုလုပ်လာကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်များအရ သိရသည်။