Home သတင်း စစ်ကောင်စီတပ်စခန်း တိုက်ခိုက်မှုအတွင်း ၈ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်

စစ်ကောင်စီတပ်စခန်း တိုက်ခိုက်မှုအတွင်း ၈ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်

921
Photo: KNU

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ ၅ နယ်မြေအတွင်း ဝင်ရောက် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်စခန်းများကို စက်တင်ဘာလ ၇ ရက်နေ့ တစ်နေ့ထဲတွင် ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်-KNLA တို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာ လူသောမြို့နယ်၊ ခေးပူအုပ်စု ဘောလေးဒဲဒေသ တူဖိုးထာနေရာ တပ်စခန်းကို စက်တင်ဘာလ ၇ ရက်နေ့ နံနက်တွင် KNLA တပ်ဘက်မှ ဝင်ရောက် တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးသေဆုံးခဲ့ကြောင်း၊ တဆက်တည်းတွင် ဝါဘော ထာစခန်းကိုလည်း တိုက်ခိုက်မှုဆက်လုပ်ဆောင်ခဲ့ရာ ၁ ဦးထပ်မံသေဆုံးပြီး ထို့နောက် ကွဲခူနှင့် လယ်ထောကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ထပ်မံတိုက်ခိုက်ခဲ့ရာ ၃ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူမူတြော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ စစ်ခန်းများကို တိုက်ခိုက်ခံရပြီးသည့််နောက် စက်တင်ဘာလ ၈ ရက်နေ့တွင် စစ်ကောင်စီက လူသောမြို့နယ်၊ ခေးပူအုပ်စု၊ သေသူးခီးကျေးရွာအတွင်းသို့ ဗုံးကြဲချမှုလုပ်ဆောင် သောကြောင့် အရပ်သားနေအိမ်တစ်လုံး ပျက်စီးသွားပြီး မွေးမြူထားသည့် ဆိတ်နှစ်ကောင် ထိမှန်သေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စခန်းများသည် ဒေသအတွင်းရှိ ကျေးရွာနေပြည်သူများ၏ နေအိမ် များထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒေသခံပြည်သူများကိုဖမ်းဆီးခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆက်မပြတ်ပြုလုပ်နေသည့်အတွက် ယခုလို တိုက်ခိုက်ရှင်းခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းတွင်လည်း မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေ၊ လူ သောမြို့နယ် ခေးပူကျေးရွာအုပ်စုရှိ တပ်အင်အား ၅၀ ကျော်တပ်စွဲနေထိုင်သည့် ဆာ့လော်ကျိုး စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်က တက်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သေးသည်ဟု မူတြော်ခရိုင်က သတင်းထုတ်ပြန်ထားသည်။