Home သတင်း ခေးပူကျေးရွာအုပ်စုရှိ ဆာ့လော်ကျိုး စစ်ကောင်စီတပ်စခန်းကို KNU တပ်မဟာ ၅ သိမ်းပိုက်

ခေးပူကျေးရွာအုပ်စုရှိ ဆာ့လော်ကျိုး စစ်ကောင်စီတပ်စခန်းကို KNU တပ်မဟာ ၅ သိမ်းပိုက်

943

စက်တင်ဘာ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေ၊ လူသောမြို့နယ် ခေးပူကျေးရွာအုပ်စုရှိ ဆာ့လော်ကျိုး စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ (၆)ရက်နေ့ နံနက် ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်က တက်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း မူတြော်ခရိုင်က သတင်းထုတ်ပြန်ထားသည်။

တပ်အင်အား ၅၀ ကျော်ရှိ အဆိုပါ စစ်ကောင်စီတပ်စခန်းသည် ဒေသခံပြည်သူလူထု နေထိုင်သည့် နေရာ နှင့်နီးသည့်စခန်းတစ်ခုဖြစ်သလို သွားလာနေကြသော ကျောင်းသူ၊ ကျောင်းသားများအပါအဝင် ပြည်သူလူထုများကို စစ်ဆေးမေးမြန်းခြင်းနှင့်ကျေးရွာအတွင်း ခြိမ်းခြောက်ပစ်ခတ်မှုများ လုပ်ဆောင်လေ့ရှိသည့် စခန်းတစ်ခုဖြစ်သည်ဟု KNU မူတြော်ခရိုင်၊ တပ်မဟာ ၅ က ပြောသည်။

KNU တပ်မဟာ၅ ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က “ ပထမမှာ သူတို့စခန်းကို တက် ရောက်ပစ်ခတ်တာပေါ့။ အဲဒီမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများတဲ့အတွက် အပြင်ဘက်ကို ထွက်ပြေးတော့ ဒီဘက်က သွားပြန်ဝိုင်းပြီး သိမ်းလိုက်တာပေါ့။ အဲဒါတိုက်ခိုက်ပြီးတော့ မနေ့က အဲဒီစခန်းအနီးဝန်းကျင်ရွာမှာ လေယာဉ်နဲ့လာပစ်သေးတယ်။ လူထုထိခိုက်တာရှိတယ်၊ သေးစိတ်တော့ မရသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ဆာ့လော်ကျိုးစစ်ကောင်စီတပ်စခန်းသည် ပြီးခဲ့သည့် ၂၀၀၇ခုနှစ်က လာရောက်တည်ဆောက်ထားသည့် စစ်စခန်းတစ်ခုဖြစ်ပြီး အဆိုပါ စစ်စခန်းကို တက်ရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုများရှိပြီး လက်နက်ကြီးလက်နက်ငယ်နှင့် ကျည်ဆံများလည်း သိမ်းဆည်းထားကြောင်း၊ KNLA ပူးပေါင်းတပ်ဘက်မှ ထိခိုက်မှုမရှိကြောင်း မူတြော်ခရိုင်ဘက်က ပြောသည်။

ထိုစခန်းကိုသိမ်းပိုက်ပြီးနောက် ယမန်နေ့ စက်တင်ဘာလ (၇)ရက်နေ့တွင် လူသောမြို့နယ် ကော် လို့ဘောထရွာ၊ သေ့သူခီးကျေးရွာနှင့် ဒေးပူနို့ကျေးရွာအုပ်စုများ တွင် စစ်ကောင်စီတိုက်ခိုက်ရေး လေယာဉ်(၂)စင်းသည် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု ကေအဲန်ယူမူတြော်ခရိုင် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ယမန်နေ့ စက်တင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်တွင်လည်း မူတြော်(ဖာပွန်)ခရိုင်၊ ကမမောင်း မြို့နယ်ခွဲထွေအုပ်ရုံးအစည်းအဝေးခန်းမတွင် စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ အစည်း အဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့်ဗုံးကြဲချခံရ၍ ရပ်ကွက်(၄)၏ အုပ်ချုပ်ရေးမှူးစိုးမင်းဆိုသူ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဖာပွန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က‌ သတင်းထုတ်ပြန်ခဲ့သည်။