Home သတင်း MoU U-turn စနစ်ဖြင့် သက်တမ်းပြန်တိုးမည့် အလုပ်သမားများ လုံခြုံရေးသတိပြုရန် အလုပ်သမားဆောင်ရွက် သူများသတိပေး

MoU U-turn စနစ်ဖြင့် သက်တမ်းပြန်တိုးမည့် အလုပ်သမားများ လုံခြုံရေးသတိပြုရန် အလုပ်သမားဆောင်ရွက် သူများသတိပေး

1016
Photo: Crd.

စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် သက်တမ်း ၄ နှစ်ပြည့်နှင့် ၂ နှစ်နှင့်အထက်သက်တမ်းကျန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ သက်တမ်း တိုးခြင်းများ ပြန်လည်ဝင်ရောက်ပြုလုပ်ရာတွင် မိမိ၏လုံခြုံရေးအတွက် သတိပြုကြရန် အလုပ်သမားအရေး ဆောင်ရွက်သူများက သတိပေးပြောဆိုလိုက်သည်။

MoU စနစ်ဖြင့် သွားရောက်လုပ်ကိုင်ကြသည့် အလုပ်သမားများအနေဖြင့် မြန်မာပြည်တွင်းဘက်သို့ ပတ်စ်ပို့ သက် တမ်း ပြန်လည်တိုးရမည်ဖြစ်သောကြောင့် စစ်ကောင်စီ၏ လက်အောက်ခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေး မေးမြန်းမှုများအပြင် ငွေညှစ်တောင်းခံမှုများ ခံရနိုင်သောကြောင့် မိမိ၏လုံခြုံရေးကိုသတိပြုကြရန်လိုအပ်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက သတိပေးပြောဆိုသည်။

၎င်းက“မြန်မာနိုင်ငံမှာရှိတဲ့ စစ်တပ်တွေ၊ ရဲတွေ၊ နယ်ခြားစောင့်တပ်တွေ အရပ်ဖက်စစ်ဖက်ထောက်လှမ်းရေး အမျိုးမျိုးက ပြည်တော်ပြန်လာတဲ့အလုပ်သမားတွေကို တစ်သီးပုဂ္ဂလ အခွင့်အရေးဖြစ်တဲ့ နိုင်ငံသားအခွင့် အရေးဖြစ်တဲ့ ဖုန်းစစ်တာကနေ ဖြစ်ချင်တိုင်းဖြစ်သွားနိုင်တယ်။ အဲ့တော့ ပြန်ပြီးဆိုရင် လက်ကိုင်ဖုန်းက အကြောင်းအချက်တွေကို ရှင်းပစ်လိုက်ပါ။ ပြီးတော့ ဆက်သွယ်လုပ်ကိုင်လက်စလူမှုအ ထောက် အကူပြုလုပ်ငန်း တွေကိုလည်း ခေတ္တယာယီ အဆက်အသွယ်ဖြတ် တောက်လိုက်ပါ။ မလိုအပ်ဘဲနဲ့ နိုင်ငံရေးနဲ့ စစ်ရေးစကားတွေကို လမ်းခရီးမှာ ဝေဖန်သုံးသပ်တာ အပျင်းပြေပြောဆိုတာမျိုးမလုပ်ပါနဲ့။ ”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီအနေဖြင့် မြန်မာပြည်ဘက်ခြမ်းပြန်ဝင်လာသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ၏ လက် ကိုင်ဖုန်းများကို အတင်းအဓမ္မစစ်ဆေးမှုများပြုလုပ်ပြီး နိုင်ငံရေးနှင့် ဆက်စပ်သည့် လူမှုကွန် ရက်စာမျက် နှာများအသုံးပြုခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များနှင့် အဆက်အသွယ်ပြုလုပ်ခြင်း ငွေကြေး ထောက်ပံ့ခြင်း စသည့်အကြောင်းပြချက်များဖြင့် ဖမ်းဆီးခြင်း ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နိုင်သည့်အပေါ် ယခုလို သတိပေးပြောဆိုခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် ပြီးခဲ့သည့် လအနည်းငယ်အတွင်း ပြည်တော်ပြန်အလုပ်သမားအချို့မှာ အတင်း အဓမ္မ စစ်ဆေးမေးမြန်း ခံရပြီး အဖမ်းခံလိုက်ရသည့် ဖြစ်စဉ်ရှိခဲ့ကြောင်းနှင့် ပြည်တော်ပြန်အလုပ်သမားများအနေဖြင့် စစ်ရေး၊ နိုင်ငံရေး အသိုင်းအဝိုင်းအကြား အနီးကပ်နေထိုင် ပေါင်းသင်းဆက်ဆံခြင်းနှင့် အနီးကပ် စာရွက်စာတမ်း သက်တမ်း တိုးခြင်းများကိုလည်း ရှောင်ရှားရန် လိုအပ်သလို မိမိ၏ တန်ဖိုးကြီး လက်ဝတ်ရတနာနှင့် ငွေကြေးများကို ယူဆောင်လာခြင်းမပြုဘဲ လုံခြုံစွာသိမ်းဆည်းထားရန်တို့ကိုပါ ဦးမိုးကြိုးက ဆက်လက်သတိပေးပြောဆိုသည်။

စစ်ကောင်စီ၏ အလုပ်သမားရေးဝန်ကြီးဌာနမှ ထိုင်း-မြန်မာ နယ်စပ်မြို့ ၂ ခုဖြစ်သည့် မြဝတီမြို့ နှင့် ကော့သောင်း မြို့တို့တွင် MoU အလုပ်သမားများအတွက် MoU U-turn စနစ်ဖြင့် One Stop Service စနစ် လုပ်ငန်းစဉ်များကို စတင်ဖွင့်လှစ်ဆောင်ရွက်နေပြီးဖြစ်ကြောင်း ယမန်နေ့စက်တင်ဘာလ ၁၂ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

ထိုသို့ သက်တမ်းတိုးလုပ်ဆောင်ရာတွင် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မြဝတီမြို့ရှိ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ် (၂)နှင့် ကော့ သောင်းမြို့ရှိ အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဝက်ဝံရေခဲ စက်ဝန်းအတွင်းတို့တွင် ဆောင်ရွက်ပေးမည်ဟု အလုပ်သမားဝန်ကြီးဌာ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံသို့ အချိန်တိုအတွင်း ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ ပြည်ပအလုပ် အကိုင်အလုပ်သမားသက်သေ ခံကတ်(OWIC) ရိုက်နှိပ်ခြင်းများကို One Stop Service-OSS ဖြင့် ဆောင်ရွက်ပေးသွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ယခုလို ဆောင်ရွက်ခြင်းမှာလည်း စစ်ကောင်စီအနေဖြင့် နိုင်ငံခြားငွေ လျော့နည်းနေသည့်အပြင် ထိုင်နိုင်ငံ၏ နိုင်ငံရေးရှုပ်ထွေးမှုကို အခွင့်ကောင်းယူကာ မြန်မာပြည်ဘက်ခြမ်းသို့ လုပ်ဆောင်နိုင်ခွင့်အတွက် လက်ဦးမှုရယူကာ အကောင်အထည် ဖော်ဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်းလည်း ဦးမိုးကြိုးက ဆက်လက် ဝေဖန် ထောက်ပြပြောဆိုသည်။

အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ထိုင်းလူ့အခွင့်အရေး အဖွဲ့အစည်းများအနေဖြင့် ယခုလို မြန်မာရွှေ့ ပြောင်း အလုပ်သမားစာရွက်စာတမ်း သက်တမ်းတိုးမှုများကို ယခုကာလတွင် မြန်မာနိုင်ငံအတွင်း လုံခြုံရေးစိတ်မ ချရသည့်အတွက် ထိုင်းနိုင်ငံအတွင်းသာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစဉ်တစိုက်တိုက်တွန်း ပြောဆိုလာခဲ့သော်လည်း မြန်မာဘက်ခြမ်းမှ လက်ဦးမှုရယူကာ ယခုလို မြန်မာပြည်ဘက်ခြမ်းတွင် အကောင် အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။

MoU အလုပ်သမားများအနေဖြင့် အချိန်နှောင့်နှေးကြန့်ကြာမှု မရှိစေရန် မြန်မာ နိုင်ငံဘက် သို့ ရောက်ရှိပြီး နေ့တစ်ဝက်ခန့်အချိန်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးအောင် ဆောင် ရွက်ပြီး ယင်းနေ့အတွင်း ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်သည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမား ဝန်ကြီးဌာနဘက်က ဖော်ပြထုတ်ပြန်ထားသည်။