Home တွေ့ဆုံမေးမြန်းခန်း KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

971

“အရေးကြီးတာ ခေါင်းဆောင်က တပ်ထဲမှာရှိရမယ်။ မတော်လို့ သေရင်လည်း သေလိမ့်မယ်။ စွန့်စားရမှာပဲ၊ ဒီခေတ်က အင်တာနက်ကနေ ဟိုပြောဒီပြော ပြောကြပြီးမှ အခြေအနေမှန်ကို ဟိုကလည်းမသိ ဒီကလည်းမသိ အဲဒါနဲ့ပဲ စကားများကြရော” ပဒိုစောသမိန်ထွန်း-KNU အမြဲတမ်းဗဟိုကော်မတီဝင်

စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ကရင်အမျိုးသားအစည်းအရုံး- KNU ဗဟို၏ အမြဲတမ်းကော်မတီဝင်လည်းဖြစ် ၊ ဝါရင့်တော်လှန်ရေးသမားလည်း ဖြစ်သည့် ပဒိုစောသမိန်ထွန်းနှင့် တွေ့ဆုံပြီး နွေဦးတော်လှန်ရေးနှင့် ပတ်သက်သည့် ဝေဖန်အကြံပြုချက်များ၊ အညာဒေသရှိ တော်လှန်ရေးကြိုးပမ်းမှုအပေါ် သုံးသပ်ချက်များနှင့် ပြည်သူလူထုသို့ ပေးပို့ချင်သော သတင်းစကားများအား သိရှိနိုင်ရန် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ အညာဒေသကနေ စလို့ လက်နက်ကိုင်တိုက်ပွဲဝင်လာရာကနေ ဖြစ်ပေါ်လာတဲ့ နွေဦး တော်လှန်ရေးအပေါ်မှာ အဖိုးတို့လို ဝါရင့်တော်လှန်ရေးသမားတစ်ယောက်အနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်ပါလဲ၊ ဘယ်လိုအကြံပြုချင်လဲဆိုတာ ပြောပြပေးပါဦး။
ဖြေ ။ ။ လက်နက်တွေမရှိတာတောင် ပန်းပဲထုလုပ်ထားတဲ့ တူမီးသေနတ်ကနေစပြီး ဖော်ဆောင်လာတဲ့ တော်လှန်ရေးက ဂုဏ်ယူစရာအကောင်းဆုံးပဲ။ ရန်သူက စက်သေနတ်တွေနဲ့ ပစ်တယ်ဆိုပေမယ့် အသက်သေရင် သေပါစေ ဒီပန်းပဲပေါ်ကလုပ်တဲ့ တူမီးသေနတ်တွေနဲ့ ပြန်တိုက်တယ်ဆိုတဲ့သမိုင်းက တော်တော်ကိုမှတ်တမ်းတင် ထားရမယ်။ လူထုရဲ့စိတ်ဆန္ဒက ဘာလဲဆိုတော့ ဒီစစ်အာဏာရှင်ကို ကြည့်ကိုမကြည့်ချင်တော့ဘူး။ ခေတ်အဆက်ဆက် ၆၂ ခုနှစ် ကတည်းက လုပ်လာခဲ့တာ။ တိုင်းပြည်က တခါမှ မကောင်းစားတော့ဘူး။ အဲဒီတော့ သူတို့က ယတ္တိပြတ်တယ်။ ဒီပွဲမှာ အပြီးချမယ်ဆိုတဲ့စိတ်၊ ပြုတ်အောင်တိုက်မယ်ဆိုတဲ့ စိတ်ဓာတ်က လူထုထဲက လာတာ သူများဆွပေးလို့ မဟုတ်ဘူး။ ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ကြီးထွားလာတယ်။

ကရင့်တော်လှန်ရေးနှင့် ယှဉ်ကြည့်လိုက်ရင် ဒီလိုပါပဲ။ သူတို့ကိုလည်း ကျနော်တို့က အပြစ် မပြော လိုဘူးလေ။ သုံးနှစ်တောင် မပြည့်သေးဘဲဟာ ကျနော်တို့ ကရင့်တော်လှန်ရေးလည်း စကာစတုန်း ကဆိုရင် သုံးနှစ်လောက်က ဒီလိုပဲ၊ အားကြီးပြီး လူဦးရေလည်းများ သေနတ်လည်းများတဲ့သူတွေက တစ်ခါတည်း မင်းမူချင်တယ်။ လက်နက်နည်းတဲ့ သူတွေက ငြိမ်နေရတယ်။ ဒါပေမဲ့ ကိုယ့်နယ်မြေနဲ့ ကိုယ်ကျတော့ တစ်ဘို့တစ်မင်းတွေ ဖြစ်လာတယ်။ ကျနော်တို့ KNU အစည်းအရုံးက ခိုင်ခိုင်မာမာရှိတော့ အဲဒါတွေကို စုစည်းစုစည်းရင်းနဲ့ပဲ ဖြစ်လာရတယ်။ ကျနော်တို့လည်း စနစ်ကျတဲ့ တော်လှန်ရေး ပေါ် ပေါက်ဖို့ တော်တော်အချိန်ကြာကြိုးစားယူ ရပါတယ်။ ဒီသုံးနှစ်လောက်နဲ့ မရခဲ့ပါဘူး။ ကျနော်ပြော ချင်တာက ခေါင်းဆောင်လုပ်နေတဲ့လူတွေက နယ်မြေကိုဆင်းနိုင်ဖို့ လိုတယ်။

ဒီခေတ်က ကောင်းကင်မှာဘဲ စကားပြောနေကြတာကိုး၊ ဒါတွေက မထိရောက်ဘူး။ တကယ် ခေါင်း ဆောင်ကောင်းတွေမှာ ရဲဘော်တွေနဲ့ တတန်းတည်းနေပြီးမှ အဲဒီကနေသူလည်းဆင်းဆင်းရဲရဲ ဒုက္ခခံရတယ်။ ရဲဘော်တွေလည်း ဆင်းဆင်းရဲရဲဒုက္ခခံလုပ်တဲ့ ခေါင်းဆောင်မျိုးကို အောက်ခြေလူထုက ကြိုက်တယ်၊ ချစ်တယ်၊ လေးစားတယ်။ အဝေးကနေပဲ လုပ်တဲ့အခါကျတော့ မရဘူး။ တကယ်ဖြစ် သင့် တာက အထက်ကနေချပေးတဲ့ ခေါင်းဆောင်မျိုးမဖြစ်သင့်ဘူး။ အထက်ကနေ ချပေးလိုက်တဲ့ ခေါင်း ဆောင်ဟာ တကယ်လူထုနှင့် ဆက်ဆံမှုကောင်းလား အောက်ခြေလူထုက ကြည်ညိုလေးစားမှု ရှိရဲ့လား၊ ချပေးလိုက်တဲ့ခေါင်းဆောင်ရဲ့ အကျင့်စာရိတ္တက ဘယ်လိုလဲ ဒါတွေက အရေးကြီးတယ်။

ကျနော်ဖြစ်စေချင်တာက မြို့နယ်အလိုက် အစည်းအဝေးထိုင်ပြီး ဘယ်သူ့ကို ခေါင်းဆောင်တင်မှာလဲ၊ ဘယ်သူ့ကို တပ်ရင်းမှူးတင်မှာလဲ။ မြို့နယ်ကနေ ခရိုင်ကိုစု၊ ခရိုင်ကနေ ခရိုင်အဆင့် ဘယ်သူ့ကို ခေါင်းဆောင်တင်မှာလဲ။ အဲလိုအဆင့်ဆင့် တိုင်းတစ်ခုလုံးထိသွားရင် ပြဿနာရှင်းတယ်။ ဒီပြဿ နာမျိုးတွေကို ဗဟိုကနေ ကိုင်တွယ်ပေးဖို့ လိုတယ်။ အဲဒီတော့ အောက်ခြေက ကြိုက်လား မကြိုက် မသိဘူး၊ သူတို့ခန့်အပ်ချင်တဲ့ ခေါင်းဆောင်ခန့်အပ် လိုက်တော့ အဲလိုမျိုးဖြစ်တာ၊ နောက်ပြီး ခေါင်း ဆောင်တွေကို ရေရှည်ကြည့်ရတယ်။ တချို့က ပထမအပိုင်းမှာ ကောင်းသလိုလိုနဲ့ ရေရှည်လာရင် ဖောက်ပြန်တဲ့ အကောင်တွေရှိတယ်။ NUG နဲ့ နွေဦးတော်လှန်ရေးမှာတော့ ဒီလိုအဆင့်မျိုး ဖောက်ပြန်တာ မတွေ့သေးပါဘူး။

ဒါလည်း သုံးနှစ်လောက်ပဲ ရှိသေးလို့နဲ့ တူပါတယ်။ ကြာရင်ဘယ်လိုဖြစ်မှာလဲတော့ မသိဘူး။ အဲဒါ ကြောင့် ကျနော်တို့ရဲ့အတွေ့အကြုံအရ အကြံပေးချင်တာက ဖြစ်နိုင်ရင် ဒီလိုအင်တာဗျူးပုံစံနဲ့ ကျနော် မပြောချင်ဘူး။ ပြောရင် NUG ကို ပုတ်ခတ်သလိုလို ဘာလိုလိုဖြစ်သွားမယ်။ ကျနော် က သူတို့ခေါင်းဆောင်တွေကို ရင်းရင်းနှီးနှီး ဆွေးနွေးချင်တယ်။ အဲဒါဘယ်သူမှ မသိဘူး၊ သူတို့ပြန်ပြင်လို့ရတယ်။ ကျနော်က အရင်က အင်တာဗျူး လုပ်တယ်။ အင်တာဗျူးမှာ ပြောချလိုက်တော့ ကျနော့်ကို ဝိုင်းဆဲကြတယ်။ နောက်ကျ အချိန်ကြာ လာရင်တော့ သိလာမလားတော့ မပြောတတ်ဘူးပေါ့လေ။ အခုလည်း သူတို့မှာ အားနည်းချက်လေးတွေ ရှိတယ်။ အဲ့ဒါကို သူတို့ပြင်နိုင်ရင်ရတယ်လေ မပြင်နိုင်ရင်တော့ မရဘူးပေါ့ဗျာ။

မေး။ ။ ဒီနွေဦးတော်လှန်ရေးအတွင်းပေါ့နော် တိုင်းရင်းသားနယ်မြေတွေထဲမှာ တော်လှန်ရေးအင်အားစုတွေ အများကြီး ပေါ်ထွန်းလာခဲ့တယ်။ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ အညာဒေသက တော်လှန်ရေးအင်အားစုတွေ ကြားမှာဆိုရင်လည်း သိတဲ့အတိုင်း အကွဲအပြဲတွေ၊ သတ်ဖြတ်မှုတွေ ကြားနေရတယ်။ ဒီနှစ်ခုကြားမှာ ကွာခြားချက် ဘာရှိမလဲ ပြောပြပေးပါဦး။
ဖြေ။ ။ ကွာခြားချက်ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ တော်လှန်ရေးနယ်မြေက နှစ်ပေါင်းများစွာ အတွေ့အကြုံ အများကြီးရှိထားတယ်။ စစ်ရေးစည်းကမ်း အုပ်ချုပ်ရေးစည်းကမ်း ပြည်သူလူထုအပေါ် တင်ပြဆွေးနွေး စည်းရုံးပြီး ထိန်းချုပ်တဲ့စည်းကမ်း အဲ့ဒါတွေက ရှိနေပြီ။ ဒီလိုနေရာမျိုးကို PDF တွေ ဝင်လာတဲ့အခါ ကျနော်တို့ရဲ့ စည်းကမ်းနဲ့ ကိုင်တွယ်လိုက်တော့ ဒီလောက်ပြဿနာ မရှိဘူး။ အညာဘက်မှာ အသစ်လုပ်ရတဲ့အခါ လူကလည်း အသစ်ဆိုတော့ စမ်းတဝါးဝါးလုပ်ရင်းနဲ့ ကြာတာပေါ့။ ဘာမဟုတ်တာလေးကနေ ရန်သူဆီကလာတဲ့လူဆိုပြီး သတ်ဖြတ်တာရှိတယ်။ ဘာမဟုတ်တဲ့ အမှုအခင်းကိုဖြေရှင်းဖို့ သတ်ဖြတ်ပြီး ဖြေရှင်းတာတွေပေါ့။ ကြားရတာ တချို့က မိန်းကလေးတွေကို မတရားပြုကျင့်တာတွေ ကြားရတယ်။

အဲဒါတွေ အရေးမယူဘူးလေ ဒီလို လူမျိုးတွေက အကြီးအကဲဖြစ်လာရင် သူတို့နယ်မြေက ဘယ်လိုသွား ငြိမ်းချမ်းမှာလဲ။ လူထုက ကြောက်လို့သာ လက်ခံရတာ၊ မကြိုက်မနှစ်သက်တော့ဘူးပေါ့။ ကျနော် ပြော ပြောနေကျ စကားလိုပဲ မင်းအောင်လှိုင်တို့က အဓမ္မသမားတွေ ကိုယ်ကျိုးကြည့်တဲ့ကောင်တွေ ကိုယ့်အကျိုးစီးပွားပဲ ကိုယ်ကြည့်တယ်။ လူတွေသေသေ အိမ်တွေမီးပဲလောင်လောင် သူတို့နဲ့မဆိုင်ဘူး။ တော်လှန်ရေးလုပ်တယ်ဆိုတဲ့သူ တချို့က ပြောကြတယ်။ စစ်ကောင်စီက သူတို့ကို ရမ်းသမ်းသတ်တာ၊ သူတို့လည်း ချမယ်ပေါ့။ အဲလိုဆိုရင် ဓမ္မနဲ့ အဓမ္မက တူသွားပြီ။ ဓမ္မက ဘယ်လိုပဲပြောပြော မရှိတော့ဘူး။ ကျနော်တို့မှာ စည်းကမ်းရှိတယ်၊ အဲ့ဒါတွေကို ကျနော်တို့အထက်က ကိုယ်စားလှယ်တွေက ရှင်းဖို့လို တယ်။

နယ်စပ်က လုံခြုံတဲ့တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးနယ်မြေ၊ အုပ်ချုပ်ရေး နယ်မြေမှာ နေရတာ သူတို့အတွက် အန္တရာယ်ကင်းတယ်။ ဒါပေမဲ့ အန္တရာယ်ရှိတဲ့နေရာကို သွားရမယ်လေ။ အန္တရာယ်ရှိတဲ့ နေရာမှာ ကိုယ့်ပြည်သူ လူထုက စွန့်စွန့်စားစားနဲ့ တိုက်နေတာ၊ အပင်ပန်းခံပြီး တိုက်နေတာ၊ အိမ်တွေ ရွာတွေ မီးလောင်တဲ့ကြားမှာ လုပ်နေရတာကို ခေါင်းဆောင်လုပ်တဲ့လူက သွားနိုင်ရမယ်။ အဲလိုမသွား နိုင်ဘဲနဲ့ ခေါင်းဆောင်မလုပ်နဲ့ မရဘူး။ အစိုးရ မဟုတ်သေးဘူးနော် နိုင်ငံတကာလူအခွင့်အရေး အဖွဲ့အစည်းကလည်း ကြည့်နေတာ၊ မင်းတို့အပြန်အလှန် သတ်နေကြတာ မင်းတို့အတူတူပဲ ဘယ်သူကို့ အသိမှတ်ပြုရမှာလဲ ဆိုပြီး၊ ဒါကြောင့်မို့ ဒီဟာမျိုးကို စောစောစီးစီး ပြင်သင့်တယ်။ တကယ်တော့ နွေဦး တော်လှန်ရေးက ဒီနေ့နိုင်ငံရေးအနေအထားအရ ကျနော်တို့ဘက်က အသာစီးတွေ အများကြီးရတယ်။ ဒါပေမဲ့ ကျနော်တို့ လုပ်တာကိုင်တာ စနစ်မကျရင် အသာစီးကနေ အောက်စီး ပြန်ရောက်သွားမယ်။ အဲဒါကို သတိပြုဖို့ လိုတယ်။

မေး။ ။ အခု အခြေအနေအရကြည့်ရင် အညာကလူထုတွေဟာ စစ်လည်းပြေးရသေးတယ်။ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကတော့ ကျသွားတယ်၊ အနီးကပ်ဆုံးဖြစ်တဲ့ တော်လှန်ရေးအင်အားစု၊ လက်နက်ကိုင်တွေကိုလည်း ကြောက်နေရတယ်။ ဒါတွေ အမြန်ဆုံးချုပ်ငြိမ်းနိုင်ဖို့ ခေါင်းဆောင်တွေအနေနဲ့ လုပ်နိုင်မယ့်နည်းလမ်းက ဘာတွေရှိမလဲ။
ဖြေ။ ။ ပထမဦးဆုံးလုပ်ရာမှာက ကိုယ့်ကိုယ်ကိုပြင်ဖို့ပဲ။ အားနည်းချက်တွေပြင်ဖို့ ခေါင်းဆောင်ဆိုတာ လူထုကြားမှာနေရမယ်။ ခေါင်းဆောင်က လူထုထဲမနေနိုင်ရင် ခေါင်းဆောင်မဟုတ်ဘူး။ သင်တန်ဆင်းပွဲပြီးတဲ့အခါ ဟောပြောတာတို့ သင်တန်းတက်ပွဲလုပ်တဲ့အခါ ဟောပြောတာတို့ ဒါနဲ့ပဲ ခေါင်းဆောင်လုပ်လို့ မရဘူး။ ခေါင်းဆောင်က လူထုကြားထဲနေရမယ် လူထုစားသလို စားရမယ်၊ လူထုနေနိုင်သလို နေရမယ်။ အဲဒါမှ ခေါင်းဆောင်ဖြစ်တယ်။ ဂျော့ဝါရှင်တန်တို့ဆိုရင် အမေရိကန် ရဲဘော်တွေနဲ့ တစ်သားတည်းနေတယ်။ သူ့ကိုဗိုလ်ချုပ်မှန်းတောင် သူများမသိဘူး။ အဲ့လိုနေလို့ လေးစားခံရတယ်။ ကျနော်တို့လည်း ဒီလိုလုပ်ဖို့လိုတယ်။

ကျနော်တို့ ကရင့်တော်လှန်ရေး စကာစတုန်းကဆိုရင် ခေါင်းဆောင်တွေက ရဲဘော်တွေနဲ့ တောထဲမှာ အကုန်လုံးအတူတူပဲ။ အဲဒါကြောင့် ဒီနေ့နဲ့ နှိုင်းယှဉ်ပြရရင် အရင်တုန်းက ၈ လေးလုံးတုန်းက ရှေ့ရေးမပါ ဘူး၊ နိုင်ငံရေးနဲ့ လုပ်တာ။ မြို့မှာနေနေ တောမှာနေနေ အခုစစ်ရေးပါလာတော့ စစ်သားက တပ်ထဲမ သွားရင် ဘာသွားလုပ်မှာလဲ။ အရေးကြီးတာခေါင်းဆောင်က တပ်ထဲမှာ ရှိရမယ်။ မတော်လို့ သေရင်လည်း သေလိမ့်မယ်။ စွန့်စားရမှာပဲ၊ ဒီခေတ်က အင်တာနက်ကနေ ဟိုပြောဒီပြော ပြောကြပြီးမှ အခြေအနေမှန်ကို ဟိုကလည်းမသိ ဒီကလည်းမသိ အဲဒါနဲ့ပဲ စကားများကြရော။ လုပ်နိုင်၊ မလုပ်နိုင်ဆိုတာမသိဘူး။

စစ်သားတစ်ထောင် လက်နက်တစ်ထောင် ရှိရမယ်။ စစ်သားကတစ်ထောင်ရှိပြီး လက်နက်ကတစ်ထောင် မရှိရင် တိုက်အားမရှိဘူး။ ဘယ်လိုလုပ်မလဲ၊ ဘယ်သူက ကူမှာလဲ၊ အဲဒါတွေ အရေးကြီးတယ်။ အဲဒါတွေအကုန် စဉ်းစားရတာ ဖြစ်တယ်။ အဲဒါတွေလုပ်မှ ပြသနာတွေကို ဖြေရှင်းလို့ရတာ။ ချင်းခေါင်းဆောင်ကပြောတယ် ဖေ့ဘွတ်ခ် မှာ တွေ့လိုက်တာ၊ စစ်ကိုင်းတိုင်းက သိပ်အရေးကြီးတယ်။ ချင်းကနေ အိန္ဒိယနယ်စပ်၊ ကချင်ကနေ တရုတ်နယ်စပ် ဒါတွေ ဆက်စပ်နေတာ။ တကယ်ကို အဲ့ဒီလိုဆက်စပ်နေတဲ့ နေရာတွေမှာရှိတော့ အဲဒီကနေပဲ အောင်ပွဲခံအောင် လုပ်နိုင်တဲ့ အနေအထားမျိုးတွေရှိတယ်။

ဒါကြောင့်ရန်သူကလည်း သူတို့ကို ဦးဆုံးဒုက္ခပေးမယ့်နေရာတွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်းကိုဆိုရင် ဖြိုထားတာ။ နောက်မှ ကရင်နီကို ဖြိုတယ်။ ကရင်နီက နေပြည်တော်နဲ့ နီးတယ်လေ။ ညောင်လေးပင်တောင်မှ ပဲခူးရိုးမနဲ့ ဆက်စပ်နေတော့ အဲ့ဒီနေရာကိုသူတို့ ဖြိုတယ်။ တခြားဟာတွေ သူတို့ အသာလေးထားတယ်။ သူတို့က တစ်ခုချင်းလုပ်တာ၊ အဲဒါကြောင့် စစ်ခေါင်းဆောင်တွေ ပြောသလို မင်းနည်းနဲ့ မင်းတိုက် ငါ့နည်းနဲ့ ငါတိုက်မယ်။ ရှေးပညာက နောက်ဆုံးတော့အဲဒါပဲ။ သူလည်း သူ့နည်းနဲ့သူတိုက်တာ၊ ကိုယ်လည်းကိုယ့်နည်းနဲ့ ကိုယ်တိုက်တာ၊ သူ့အားသာချက်ကိုသုံးပြီး တိုက်တယ်။ ကိုယ်လည်း အားသာချက်နဲ့ တိုက်တယ်။

အားသာချက်ကိုယူပြီး သုံးတိုက်နိုင်အောင် ရှာဖွေတတ်ဖို့ က ခေါင်းဆောင်တွေမှာ အရေးကြီးတယ်။ ခေါင်းဆောင် တွေမှာ နိုင်ငံရေး၊ ရှေ့ရေးဗဟုသုတရှိဖို့ လိုတယ်။ အင်္ဂလိပ်စကားတတ်ပြီး နိုင်ငံခြား ဟိုပြောဒီပြော အလှူခံတာက ဒုတိယပြဿနာ ဖြစ်တယ်။ အဓိက ကိုယ့်ပြည်တွင်းမှာ ဘယ်လိုဆောက်တည်မှာလဲက အရေးကြီးတယ်။ လူထုကို မက်လုံးပေးတာတို့ ဘယ်တော့အောင်မှာတို့ မပြောသင့်ဘူး။ ကိုယ်လုပ်တာတွေ ပိပိရိရိ လုပ်ဖို့လိုတယ် ကိုယ်ပြောတဲ့ စကားက မှန်တယ်ဆိုရင် လူထုက ထောက်ခံတယ်၊ ကိုယ်ပြောတဲ့စကားက ပြောသာပြောတယ် လက်တွေ့မြေပြင်မှာ မရှိဘူးဆိုရင် ဒီလိုလူမျိုးကို ခေါင်းဆောင်မှု မပေးချင်ဘူး။

မေး။ ။ သမိုင်းကြောင်းပြန်ကြည့်မယ်ဆိုရင် ကရင်တော်လှန်ရေးမှာ (၁၉၄၉) ခုနှစ်ကနေစပြီး တော်လှန်ရေးဖြစ်တာ ကရင်မှာလည်း အကွဲအပြဲဇာတ်လမ်းတွေ အများကြီးရှိခဲ့တယ်။ အခုထက်ထိလည်း အားကောင်းကောင်းနဲ့ သွားနေတုန်း၊ လူထုထောက်ခံမှုက ရှိနေတုန်းပဲ၊ ဒီအကွဲအပြဲဇာတ်လမ်းကနေစပြီး အခုထက်ထိ ကရင့် တော်လှန်ရေးက နှစ် ၇၀ကျော်ကြာ ခိုင်မြဲရတာလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ ဘာဖြစ်လဲဆိုတော့ ကရင့်ဘဝရဲ့လိုအပ်ချက်က မပြီးဆုံးလို့ ဒီကနေ့အထိ ကရင်တော်လှန်ရေးက ဆက်လက် တည်တံ့နေတာ။ ဘဝရဲ့ လိုအပ်ချက်ပြည့်စုံသွားပြီဆိုရင် ကရင့်တော်လှန်ရေးက ရှိတော့မှာ မဟုတ်ဘူး။ ကျနော်တို့ လိုချင်တာက ဒီမိုကရေစီ။ ငြိမ်းချမ်းရေးတွေ လုပ်လာတာ အများကြီး ဘာမှ ဖြစ်လာတာ မဟုတ်ဘူး။ ဒီပြဿနာဖြစ်တာက လူဦးရေများတဲ့ လူမျိုးတွေကပဲ ဖြစ်တာ။ အခုလည်းဒီပြဿနာကို ဆက်သွားရင် ဝိုင်းဆဲဦးမယ်သိတယ်။ လူတွေက တစ်ဖက်ပိတ်တွေ ဖြစ်တယ်။ လူတစ်ယောက်ကို ယုံကြည်မိတယ်ဆိုရင် အဲ့ဒီလူ ပြောတဲ့ဟာ မှန်လားမှားလား မစဉ်းစားတော့ဘူး အပြတ်ပဲ။

အဲ့ဒါတွေ ကင်းစင်သွားရင် ကောင်းတယ်။ လက်ခုပ်တီးတာက နှစ်ဖက်တီးမှ ရတယ်။ တစ်ဖက် တည်းတီးလို့ အသံမမြည်ဘူး။ တကယ်ငြိမ်းချမ်းနိုင်တယ်ဆိုရင် ပြဿနာမရှိဘူး။ အမျိုးသား ငြိမ်းချမ်းရေးစိတ်ဓာတ်က မင်း ငါ့ဆီကိုလာ၊ ဟိုကလည်း မင်းငါ့ဆီကိုလာ ဆိုရင်တော့ ဒီလိုငြိမ်းချမ်းရေး စိတ်ဓာတ်မျိုးက မရဘူး။ အဲ့ဒါကို သူတို့ကို တိုးတိုးတိတ်တိတ် ပြောချင်တာ။ မရဘူးခင်ဗျ၊ သူတို့ခေါင်းဆောင်ကိုမထိနဲ့ သူတို့ခေါင်းဆောင်ပြောတာ သမ္မာကျမ်းစာထက်တောင် မှန်သေးတယ် ဖြစ်နေတာ။ အဲဒါ ဘယ်လိုသွားလုပ်မှာလဲ။ ကျနော်တို့က ဒီမှာ တောက်လျှောက် သူတို့ရဲ့ခေါင်းဆောင် မြန်မာပြည် မရောက်ခင်ကတည်းက ဒီမှာလုပ်နေတဲ့ကောင်တွေ ဖြစ်တယ်။

ဘယ်လိုလာသလဲဆိုထောက်ပြလို့ မရဘူး။ မရတော့ ဘယ်လိုပြင်မှာလဲ။ နောက်ဆုံးကျတော့ ERO နယ်မြေမှာပဲ လုံးနေတာပဲ။ အထဲမှာလုပ်လည်း မရဘူး။ လုပ်ရင် ဒီကရင်တွေက ငါတို့ဗမာ တွေကိုသိအောင် ထပြောတဲ့ကောင် တစ်ချက်ကြားလိုက်ရသေးတယ်။ ဒီလိုပုံစံမျိုးနဲ့ တော်လှန်ရေးကို ဘယ်လိုသွားလုပ်မှာလဲ၊ စစ်တိုက်တယ်ဆိုတာ သေတယ်၊ မသေရင်လည်း ခြေပြတ်လက်ပြတ်တွေ ဖြစ်တယ်။ သွားကြည့်လိုက်ရင် ထိန်းထားရတာ တစ်ရာကျော်တယ်။ ဒီလောက်မှ မစွန့်စားနိုင်ရင် ကျနော်တို့နယ်မြေထဲကို အစကတည်းက မလာပါနဲ့။

မေး။ ။ ပွတ်တိုက်မှုက အဖိုးတို့ဖြတ်သန်းလာခဲ့ရတဲ့ တော်လှန်ရေးတစ်ဖက်နဲ့တစ်ဖက် အခုလည်း ကြွေးကြော်ကြတယ်။ ညှိနှိုင်းမှု မရှိဘူး။ ဒီတော့ တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်ဖို့ဆိုတာ တကယ်ရော အဖြေ ဖြစ်နိုင်ပါ့မလား။
ဖြေ။ ။ အပြုတ်တိုက်ရင်ဆိုတာ ကျနော်တို့ထက် အင်အားကြီးတဲ့ (ဖဆပလ) အစိုးရ တော်လှန်ရေးကောင်စီ အစိုးရ ဒီအင်အားကြီးတာတောင်မှ ကျနော်တို့ကို အပြုတ်တိုက်လို့မရရင် အခုလိုအင်အားလေးနဲ့ လေ့ကျင့်ထားတဲ့ စစ်တပ်ကို ဘယ်လိုအပြုတ်တိုက်မှာလဲ။ တကယ်တမ်း ကျနော်တို့မှာ တစ်ဖက်က တိုက်ရမယ် တစ်ဖက်က စည်းရုံးရမယ်။ အခုစည်းရုံးတာ သိပ်မကြားရဘူး စစ်တိုက်တာပဲ ကြားရတယ်။ အဲဒီတော့ စစ်တိုက်တာ တစ်ခုတည်း မဟုတ်ဘူး စည်းရုံးရမယ်။

ပြောရရင် ဒီလူတွေက မြန်မာပြည်သားတွေပဲလေ။ သူ့လူတွေက ကိုယ့်ဘက်ကိုပါလာပြီး အားကပြောင်းပြန် ဖြစ်သွားတယ်ဆို ကျနော်တို့ပြန်လုပ်လို့ရတယ်။ အခုက သူပရိသတ်ပဲ သူရနေပြီး ပွားလာအောင် လေ့ကျင့်ရေး ကောင်းကောင်းနဲ့ စစ်ရေးမှာ ကျွမ်းကျင်တဲ့လူတွေ ပွားများလာအောင် မလုပ်နိုင်သေးဘူး။ သူတို့ကပြောတယ် ၂၀၂၃ အကုန် ရရမယ်။ အောက်တိုဘာနဲ့ အဲ့ဒီ ၂၀၂၃ ဇန်နဝါရီကြားမှာ ဘယ်သူက နိုင်မှာလဲ ဒါကိုလည်း စောင့်ကြည့် ရမှာပဲ။ ဘယ်သူနိုင်မှာလဲက ပြောလို့မရဘူး။

မေး။ ။ အခု အညာဒေသက လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ကွဲပြဲမှုတွေ သတ်ဖြတ်မှုတွေ ဖြစ်လာတဲ့အပေါ်မှာ တစ်ဖက်က အာဏာသိမ်းစစ်အုပ်စုအတွက် ဘယ်လိုအခွင့်အရေးတွေ ရလာနိုင်လဲဆိုတာကို ပြောပြပေးပါဦး။
ဖြေ။ ။ အသတ်အဖြတ်လုပ်တဲ့အချိန်မှာ သူတို့နိုင်ငံမှာ ဟိုဘက်ဆွပေး ဒီဘက်ကဆွပေးပြီး ပိုကြီးမား လာအောင်လုပ်တာ သူတို့လုပ်တတ်တယ် ။ ဒီအကျင့်မျိုး လုပ်တတ်တယ် ။ ဒီလိုဆွပေးတဲ့အပေါ် စစ်တပ်ကို ဆွပေးပြီး နှစ်ဖက်စလုံးပြဿနာ ကြီးသထက်ကြီးလာအောင် လုပ်တတ်တယ် ။ တစ်ယောက်က ဟိုတစ်ဖက်မှာ နေလိုက် နောက်တစ်ယောက်က ဒီတစ်ဖက်မှာ နေလိုက်နဲ့ တစ်ခါတည်း ကောင်းတဲ့ပုံစံနဲ့ ပြောတတ်ဆိုတတ်တဲ့ အကောင်တွေ ရှိတယ်။ ဟိုဘက်ကလည်း ချခိုင်းပြီး အဲ့ဒီမှာပဲလည်နေမှာ သူတို့လုပ်တတ်တယ်။ အဲဒါကိုလည်း ကျနော်တို့ သိထားရမှာ အခု ဒါတွေကိုမမြင်ဘဲ ဒီပုံစံအတိုင်းသွားနေလို့ကတော့ ကိုယ့်လူသူ့လူ ဆိုပြီး နောက်ဆုံးတော့ ကိုယ်လူမဟုတ်ဘဲ ဖြစ်သွားမယ်။ အဲ့ဒီလိုမျိုး ဖြစ်တတ်တယ်။

မေး။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကလည်း သို့လောသို့လော ဖြစ်နေကြတယ်ဆိုတော့ အဖိုးတို့လို ဝါရင့်တော်လှန်ရေးသမားတစ်ယောက်အနေနဲ့ ပြည်သူတွေနားလည်အောင် နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက် ပြောချင်တာရှိလဲ။
ဖြေ။ ။ ပြည်သူတွေလည်း မျက်စိဖွင့်၊ နားစွင့်ရမယ်လို့ ပြောချင်တယ်။ နောက်ကပြောတဲ့ဟာတွေက မှန်လား မှားလား၊ အဲ့ဒါတွေ သေချာတစ်ဦးချင်း သုံးသပ်ဖို့လိုတယ်။ လူပုဂ္ဂိုလ်အပေါ်မှာ အခြေခံပြီးမှ ယုံကြည်ပြီးမှ မယုံကြည်ဘူး မပြောနဲ့။ သူတို့ပြောတာနဲ့ သူတို့လုပ်တာက ကိုက်လားမကိုက်လား အဲ့ဒီအပေါ်မှာ ကြည့်စေ ချင်တယ်။ အဲ့ဒီလို တွေးခေါ်တတ်၊ ကြည့်မြင်တတ်မှ ကျနော်တို့တော်လှန်ရေးကိုလည်း ပြည်သူလုထုအနေနဲ့ ပဲ့ကိုင်ပေးလို့ ရတယ်။ ပြည်သူလူထုအခန်းကဏ္ဍက အရေးကြီးတယ်။ လူထုထဲက ဆုံးဖြတ်ပေးတယ်လေ။ ဒါကြောင့်မို့လို့ လက်ဝဲစကားနဲ့ပြောရမယ်ဆိုရင် လူထုသာလျှင် သမိုင်းဖန်တီးတဲ့လူတွေဖြစ်တယ်။ ခေါင်းဆောင်တွေဆိုတာက အဲ့ဒီလူထု သမိုင်းဖန်တီးတဲ့နေရာမှာ ဒီထက်ဖြစ်ရမှာ သူတို့ပါဝင်လုပ်ကိုင်တာက စက်ရုပ်လေးပဲ အဲလိုပဲ ပြောချင်ပါတယ်။