Home သတင်း KNDO ပူးပေါင်းတပ်နှင့် တိုက်ပွဲတွင် စစ်ကောင်စီ ဗိုလ်အဆင့်ရှိသူအပါအဝင် ၁၂ ဦးထိခိုက်သေဆုံး

KNDO ပူးပေါင်းတပ်နှင့် တိုက်ပွဲတွင် စစ်ကောင်စီ ဗိုလ်အဆင့်ရှိသူအပါအဝင် ၁၂ ဦးထိခိုက်သေဆုံး

449
Photo: Crd.

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ ကျုံဒိုးမြို့နယ် နယ်မြေအတွင်းရှိ တောင်ကြာအင်းကျေးရွာတွင် နယ်မြေစိုးမိုးရန်ဝင်ရောက်လာသည့် စစ်ကောင်စီ တပ် နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်တို့ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူအပါအဝင် ၄ဦး သေ ဆုံးပြီး ၈ ဦးထိခိုက်‌ခဲ့ကြောင်း ကေအဲန်ယူက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

နယ်မြေစိုးမိုးရန် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံခြေမြန်တပ်ရင်း(ခမရ-၅၄၆) ၊(ခမရ-၂၃၀) ၊(ခမရ-၂၀၈) ပူးပေါင်းတပ်ရင်း နှင့် KNDO ပူးပေါင်းတပ်တို့ နှစ်ဖက် တိုက်ပွဲဖြစ် ပွားပြီး စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦး၊ တပ်သား ၃ဦးသေဆုံးကာ ၈ဦးဒဏ်ရာရရှိပြီး စစ်ကား တစ်စီးလည်းပျက်စီးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုအပြီးတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပြန်လည်တုန့်ပြန် ပစ်ခတ် မှုကြောင့် ‌‌အရပ်သားပြည်သူတစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဒေသခံ (၄၀၀) ဝန်းကျင်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်းလည်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အလားတူ ယမန်နေ့ အချိန်ထိ တောင်ကြာအင်းကျေးရွာတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန် နေ သေးပြီး လက်နက်ကြီးကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုများရှိသလို ဒေသခံကျေးရွာသားများ အနေဖြင့် ကျေးရွာထဲတွင် ပြန်လည်ဝင်ရောက်နေထိုင်၍ မရဲကြသေးကြောင်း တောင်ကြာ အင်းရွာ သားတစ်ဦးက ယခုလိုပြောသည်။

“ရွာမှာလူမရှိတော့ဘူး ပြေးကုန်ပြီး။ ဘုန်းကြီးကျောင်းမှာ ရွာသား‌တွေအနည်း ငယ်ပဲရှိတော့တယ်။ တိုက်ပွဲဖြစ်တာရက်များနေပြီး။ မနေ့ကလည်းတစ်နေကုန်ဖြစ်တယ်။ လက်နက်ကြီး‌တွေရွာထဲ အများကြီး ကျတယ်။ အိမ်တွေလည်း ထိခိုက်တာရှိတယ်”ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တောင်ကြာအင်းနှင့်မြောက်ကြာအင်း ဆက်သွယ်ထားသည့်တံတားပေါ်တွင် စစ်ကောင်စီ တပ်မှ အချိန်အကန့်အသတ်ဖြင့် သွားလာခွင့်ပေးထားရာမှ ယခုရက်ပိုင်းတွင် တိုက်ပွဲပြန် လည်ပြင်းထန်လာသဖြင့် စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများကို သွားလာခွင့်မပေးတော့ကြောင်း ဒေသခံများက ပြောသည်။