စက်တင်ဘာလ ၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောင်ငူခရိုင်၊ တပ်မဟာ(၂)နယ်မြေ၊ သံတောင်ကြီးမြို့နယ် ရှိ ပျားစခန်းတွင် ယနေ့စက်တင်ဘာလ ၅ ရက်နေ့၊ နံနက်အချိန်တွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲ၍ ကလေးတစ်ဦးအပါအဝင် မိသားစုဝင်(၂)ဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါသေဆုံးသွားသူ နှစ်ဦးမှာ အသက် (၉)နှစ်အရွယ်သားဖြစ်သူနှင့် အသက်(၅၂)ရှိ ဖခင်ဖြစ်သူတို့ ဖြစ် ကာ ၎င်းတို့၏ နေအိမ်တွင် နေထိုင်စဉ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသောကြောင့် ထိမှန် သေဆုံးခဲ့ရခြင်းဖြစ်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“ကြားတာက နှစ်ဖက်ပစ်ခတ်မှုဖြစ်တယ်။ အဲဒါလက်နက်ကြီးနဲ့ပစ်တော့ ကျေးရွာထဲမှာ လက်နက် ကြီး ကျလို့ လူ ၂ ဦးသေဆုံးတယ်လို့ ကြားထားတယ်။ ဒီမနက်လက်နက်ကြီး ပစ်ခတ်သံကြားတယ်။ အခု ၉ နာရီကျော်အထိ ပစ်ခတ်မှုတစ်ချက်တစ်ချက်ရှိသေးတယ်။ အဲဒီမှာတော့ ပစ်ခတ်မှုမရှိတာ လပေါင်း ကြာပြီး”ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။
ယနေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်က သံတောင်ကြီးမြို့နယ် ၅ မိုင်နေရာတွင် ပစ်ခတ်မှုဖြစ်ပွား၍ (၇) မိုင်ရှိစစ်ကောင်စီတပ်စခန်းမှ လက်ကြီးများနှင့် ပစ်ကူပေးရာအတွက် အဆိုပါ အရပ်သားနေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားသည့်နောက်တွင် (၄)မိုင်နှင့် (၇)မိုင်ရှိ စစ်ကောင်စီဂိတ်များတွင် သွားလာနေ သည့် ပြည်သူလူထုများကို တင်းကြပ်စစ်ဆေးမှုများပိုမိုလုပ်ဆောင်လာသည့်အပြင် ယခုရက်ပိုင်းတွင် တောင်ငူမြို့အတွင်း အစစ်အဆေးများပြီး တောင်ငူလေတပ်စခန်းတွင်လည်း လေယာဉ် အတက် အဆင်းများသည်ဟု ဒေသခံများက ပြောဆိုသည်။
၎င်းအပြင် တောင်ငူမြို့အထွက်မှစ၍ ကရင်ပြည်နယ်အစပ်ဖြစ်သည့် တောင်ငူ-သံတောင်လမ်း၊ တောင်ငူ-လိပ်သိုလမ်းပေါ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်အများအပြားချထားပြီး ဒေသအတွင်းရှိ ဆန်၊ ဆေးဝါး ပစ္စည်းများသယ်ဆောင်မှုကို တားဆီးစစ်ဆေးခြင်းများလုပ်ဆောင်နေကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
သံတောင်ကြီးမြို့နယ်ထဲတွင် ယခုနှစ်အစောပိုင်းကတည်းကစတင်၍ တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး ဆက်တိုက်ပစ်ခတ်သည့်အပြင် မြေပြင်စစ်ကြောင်းထိုးကာ စစ်ဆေးဖမ်းဆီးမှုများလည်းရှိသောကြောင့် ဒေသခံလူထုများ ထွက်ပြေးတိမ်းရှောင်ရပြီး ၁၃ မိုင်(သံတောင်မြို့) တစ်မြို့လုံးနီးပါးလူထုများပြောင်း ရွှေ့နေထိုင်ခဲ့ကြရသည်ဟု ဒေသခံထံမှ သိရသည်။
ထို့အပြင် ၁၃မိုင်ရှိ စစ်ကောင်စီတပ်မှ မြို့ထဲရှိ လူနေအိမ်များကို ဝင်ရောက်မီးရှို့ ဖျက်ဆီးမှုမကြာ ခဏပြုလုပ်လျက်ရှိကာ လက်ရှိအချိန်တွင် ၁၃မိုင်(သံတောင်မြို့)ထဲတွင် စစ်ကောင်စီ မီးရှို့ဖျက် ဆီးသွားသည့် ပြည်သူလူထုနေအိမ် အလုံးပေါင်း ၃၀ ကျော်နှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ လူနေအိမ်အများအပြားလည်း ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။



















