Home သတင်း မူတြော်တွင် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

မူတြော်တွင် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

941
Photo: CJ

စက်တင်ဘာ ၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ(၅)နယ် ဒွယ်လိုးမြို့နယ် နားကို့ခီးကျေးရွာ အုပ်စု၊ ထီးဝေါ်ထကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက် (၆)နာရီဝန်းကျင်က စစ်ကောင်စီ၏ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံရွာသား (၄)ဦးသေဆုံးပြီး (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ လေယာဉ်က ၂ စင်း ၊ လာကြဲသွားတာ တစ်ကြိမ်ပဲ ၄ လုံးလာကြဲသွားတာ။ သေတာက ၄ ယောက်၊ ထိခိုက်ဒဏ်ရာရတာ ၆ ယောက်၊ သေဆုံးသူတွေရဲ့ နာမည်တွေ အတိအကျ မရသေးဘူး။ အဲဒီရွာက တပ်နေရာနဲ့က အဝေးကြီး၊ တစ်ခြားစီပဲ လာပစ်သွားတာ။ အသေးစိတ်တော့ မရသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံမှုကြောင့်လက်ရှိအချိန်တွင် အိမ်ခြေ ၆၀ ကျော်ရှိ ထီးဝေါ်ထကျေးရွာ ရွာသူရွာသားများသည် ကျေးရွာထဲ မထိုင်ရဲကြတော့ဘဲ အသက်ဘေးလွတ်ရာနေရာများသို့ တိမ်း ရှောင်နေကြရသည်ဟုလည်း ၎င်းဒေသခံက ဆက်ပြောသည်။

စက်တင်ဘာလ (၆)ရက်နေ့က ခေးပူကျေးရွာအုပ်စုရှိ ဆာ့လော်ကျိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်တို့ တက်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက်နေ့ စက်တင် ဘာလ (၇)နေ့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ နေရာ ထက်မနည်း လာရောက် လုပ်ဆောင်သွားခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်တာဝန်ရှိသူထံမှ သိရသည်။

Photo: CJ

ကေအဲန်ယူ မူတြော်ခရိုင်၏ ယမန်နေ့ညသတင်းထုတ်ပြန်ချက်အရ စက်တင်ဘာလ (၇)ရက်နေ့တွင် လူသောမြို့ နယ် ကော်လို့ဘောထကျေးရွာနှင့် သေ့သူးခီးကျးရွာတွင်လည်း စစ်ကောင်စီက လေယာဉ် ၂ စင်းဖြင့် လာရောက်ပစ်ခတ်မှုလုပ်ဆောင်ခဲ့သလို ညနေပိုင်းတွင် ဒေးပူနို့ရွာတွင်လည်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးသည်ဟု ထုတ်ပြန်ထားသည်။

ကေအဲန်ယူ မူတြော်ခရိုင်ထဲတွင် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု လတိုင်းနီးပါးလုပ်ဆောင် လျက်ရှိပြီး ယခင်လဩဂုတ်လတုန်းကလည်း ဒွယ်လိုးမြို့နယ် ဘောကျို့လယ်ရွာနှင့် ပိုဂါရွာကြားတွင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ(၁)ဦးသေဆုံးပြီး (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ကေအဲန်ယူ မူတြော်ခရိုင်၏ ဩဂုတ်လ တိုက်ပွဲသတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။