စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင် (တပ်မဟာ -၅ နယ်မြေ)၊ ဖာပွန်မြို့တွင်းရှိ စစ်ကောင်စီ တပ်စခန်းမှ တပ်မိသားစုဝင်များအနေဖြင့် ကုန်းလမ်းရေလမ်းရိက္ခာလမ်းကြောင်းဖြတ်တောက်ခံထားရသောကြောင့် ရိက္ခာ ပြတ်လပ်မှုနှင့်ကြုံတွေ့နေရကြောင်း တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူ ထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကုန်းပိုင်းမှစ၍ အဆိုပါဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဘက်မှ စစ်ကောင်စီ၏ ရိက္ခာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းကိုပိတ်ဆို့ထားသောကြောင့် ရိက္ခာများပြတ်လပ်နေ၍ နီးစပ်ရာ ကျေးရွာဒေသခံများထံမှ စျေးကောင်းပေး၍ ဆန်ရိက္ခာများကို ရသမျှဝယ်ယူနေရကြောင်း တပ်အသိုင်းအဝိုင်း နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းက “တပ်က သူတို့ ၈ လပိုင်းကတည်းကနေ နည်းနည်းစီလိုက်ဝယ်နေပြီး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မိသားစုတွေ ရိက္ခာပြတ်နေပြီးလေ။ တစ်အိတ်ရ တစ်အိတ်ဝယ်၊ ဆယ်အိတ်ရ ဆယ်အိတ်ဝယ်တယ်။ အမှန်ပေါက်စျေးက ၁ သိန်းဆိုရင် သူတို့ တစ်သိန်း ၃ သောင်းနဲ့ယူလိုက်တယ်။ ပုံမှန်ဆိုရင် သူတို့ရိက္ခာ ပို့တဲ့ ကားတွေက ၅ လပိုင်းဆိုရောက်နေပြီးလေ။ ဒီနှစ်က ၉ လပိုင်းရောက်သွားပြီး။ သူတို့ရိက္ခာပို့တဲ့ကား တွေက မရောက်လာဘူး။ “ဟု ကေအိုင်စီ သို့ပြောသည်။
၎င်းအပြင် တပ်ရိက္ခာကားများ မရောက်လာသောကြောင့် နီးစပ်ရာ ကျေးရွာဒေသခံများထံမှာ ဆန်ရိက္ခာများကို စျေး ကောင်းပေး၍ လိုက်လံဝယ်ယူ စုဆောင်းနေသော်လည်း ဒေသတွင်းမှာ လက်နက်ပဋိပက္ခများကြောင့် တောင်ယာစပါး များ မစိုက်ပျိုးနိုင်ကြဘဲ ဒေသခံများတွင်လည်း ဆန်ရိက္ခာများ အလုံအလောက်မရှိတော့သဖြင့် လိုအပ်သမျှ ဝယ်ယူ၍မရကြကြောင်းလည်း အဆိုပါ တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူက ဆက်ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်ဘက်မှ ဆန်ရိက္ခာများကို စျေးကောင်းပေး ဝယ်ယူမှုများကြောင့် ဒေသတွင်းဆန်စျေးမှာ မူလ ပေါက်စျေးထက် နှစ်ဆပိုမြင့်လာပြီး ယခင် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်ငွေ (၁၈၀,၀၀၀) ကျပ်သာရှိသော်လည်း ယခုတွင် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်ငွေ ၂ သိန်း၃ သောင်းအထိစျေးပေါက်နေကြောင်း ဒေသခံများက ဆိုသည်။
လတ်တလောတွင်လည်း ဖာပွန်မြို့တွင်းနှင့် မြို့အနီး ကျေးရွာများတွင် နယ်မြေခံ KNLA နှင့် နယ်ခြားစောင့်တပ်(BGF)၊ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် ၎င်းနယ်မြေအတွင်းရှိ ကျေးရွာနေလယ်ယာ နှင့်ခြံလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ရာသီ သီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိတော့ကြောင်း ဖာပွန်ဒေသခံများက ပြောသည်။
ယခုလို ဆန်ရိက္ခာများ မပို့ဆောင်ပေးနိုင်သောကြောင့် စစ်ကောင်စီတပ်အနေဖြင့် ဆန်ရိက္ခာအစား လာမည့်အောက်တိုဘာ လပိုင်းမှစ၍ တပ်မိသားစုဝင်များကို ငွေကြေးဖြင့်သာ ပေးဆောင်တော့မည်ဖြစ်ကြောင်းလည်း တပ်မိသားစုဝင်နှင့် နီးစပ်သူက ယခုလို ဖြည့်စွက်ပြောသည်။
“ကျမကြားတာက ဒီ ၁၀ လပိုင်းလောက်ဆို တပ်မိသားစုတွေကို ဆန်မဝေနိုင်တော့ဘူးတဲ့။ ပိုက်ဆံပဲပေးတော့ မယ်။ ပိုက်ဆံပေးပြီးပြီးဆိုရင် အဲ့ဆန်အတွက် ကိုယ့်ဘာကိုယ်ရှာဝယ်စားပေါ့။ လက်ရှိတော့ သူတို့ရှာပေး ထုတ်ပေးနေ သေးတယ်။ ဆန်တွေကလည်း တော်တော်ရှားသွားပြီး”ဟု ၎င်းက ပြောသည်။
ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်များနှင့်တပ်မိသားစုဝင်များ ဆန်ရိက္ခာပြတ်လပ်မှုများကြုံတွေ့နေရသကဲ့သို့ ဒေသခံ ပြည်သူ များအနေဖြင့်လည်း ဆန်ပြတ်လပ်မှုများအပြင် စားနပ်ရိက္ခာဝယ်ယူလို့မရတော့သည့်အခက်အခဲများနှင့် ကြုံတွေ့နေ ရကြောင်း ဖာပွန်ဒေသခံများက ပြောသည်။
ဖာပွန်ဒေသခံတစ်ဦးက “စက်လှေမဖွင့်ဘူး ကားလမ်းမရှိဘူး။ အခုကနည်းနည်းပါးပါး စားစရာတွေပေးသယ်တယ်။ ဆိုင်ကယ်တွေနဲ့ ပေးသယ်တယ်။ ကြက်သွန်နီတို့၊ မုန့်တို့၊ ဆီတို့ သူတို့ဆိုင်ကယ်တွေနဲ့ ပေးသယ်တယ်။ ဒါပေမဲ့ လမ်းမှာက မိုင်းတွေထောင်ထားတော့ ကြောက်တာပေါ့နော်။ တကယ်လို့သာ တိုက်ပွဲတွေကလည်း ပိုကြီးလာမယ်ဆိုရင် စစ်ဘေး အငတ်ဘေးပါ ထပ်ကြုံရမှာပေါ့” ဟု ကေအိုင်စီသို့ပြောသည်။
အလားတူ ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းအချို့ တိုက်ခိုက်သိမ်းပိုက်ခံထားရမှု ရှိသလို ဖာပွန်မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်း၊ အုပ်ချုပ်ရေးရုံး စသည့်ဌာနဆိုင်ရာရုံးများလည်း KNLA ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကို မကြာခဏခံနေရသည်။ ဖာပွန်မြို့တွင်းရှိ စစ်ကောင်စီဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာရုံးများမှ ထွက်ခွာကြရန် ထုတ်ပြန်သတိပေးမှုများကြောင့် ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးယန္တရားများ ရပ်တန့်နေပြီးဖြစ်ကြောင်း ကေအဲန်ယူဘက်က ပြောဆိုထားသည်။



















