Home သတင်း တိုက်ပွဲများကြောင့် ပင်လယ်အနီးရှိ ဒေသခံများငါးဖမ်းလှေမထွက်နိုင်၍ ဝမ်းရေးခက်ခဲလာ

တိုက်ပွဲများကြောင့် ပင်လယ်အနီးရှိ ဒေသခံများငါးဖမ်းလှေမထွက်နိုင်၍ ဝမ်းရေးခက်ခဲလာ

1367
Photo: Crd.

စက်တင်ဘာလ ၂၁ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းရိုးတန်းနှင့် နီးစပ်သော ကျေးရွာများ တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား နှစ် ဖက်အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲများကြောင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံ ရွာသားများအနေဖြင့် ဝမ်းရေးခက်ခဲလာကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်းရှိ တို‌ကျေးရွာအုပ်စု၊ လက္ကူးကျေးရွာအုပ်စုနှင့် ကျောက္ကာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသည် ပင်လယ်ငါးဖမ်းလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေဖြင့် အဓိက လုပ်ကိုင် နေကြပြီး ယခု စက်တင်ဘာလ ၉ ရက်နေ့မှ စတင်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ၎င်းကျေးရွာ များအ တွင်းသို့ ရေလမ်းကြောင်းဖြင့် စစ်အင်အားဖြည့်တင်းမှုများနှင့် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲမှုကြောင့် ဒေသခံရွာသားများအနေဖြင့် ယနေ့အချိန်ထိ ငါးဖမ်းလှေမထွက်ရဲကြကြောင်း လက္ကူးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ရွာထဲကို အခုချိန်ထိ မပြန်ရဲသေးဘူး။ စစ်သားတွေ အခုထိရှိနေတုန်းပဲ။ လှေလည်း မထွက်ရတာ ဆယ်ရက်ကျော်ပြီး။ အဲ့တော့ ငါးမရောင်းရတော့ တစ်ခုခုဝယ်စားဖို့ပိုက်ဆံ မရှိဘူး။ ပြီးတော့ စစ်သင်္ဘော တွေကလည်း အချိန်ပြည့်ရှိနေတော့ လှေထွက်တာနဲ့ သူတို့ကရမ်းပစ်တာတွေ လုပ်တော့ စားသောက်ဖို့အတွက် ခက်ခဲလာတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယခုလ ၉ ရက်‌နေ့မှ စတင်ကာ ပုလောမြို့နယ်ထဲရှိ ပလမြို့နှင့် ပုလော မြို့ချောင်းဝနေရာများတွင် ကမ်းကပ်ထားသည့် စက်လှေများကို ၇ ရက် ပင်လယ်ထွက် ငါးမဖမ်းရန် နှုတ်မိန့်ဖြင့် ဒေသခံများအား ပြောဆိုသတိပေးထားကြောင်းလည်း ဒေသခံများက ပြောသည်။

အလားတူ လက္ကူးကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကုန်းလမ်းကြောင်းမှတဆင့် အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲထားသလို ရေကြောင်းမှလည်း ခန့်မှန်းအင်အား ၂၀၀နီး ပါးအထိ အင်အားဖြည့်တင်းမှုများလုပ်ဆောင်လျက်ရှိကြောင်း မြိတ်ခရိုင်၊ တပ်ရင်း(၁)မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ယခုလို ပြောသည်။

“တိုက်ပွဲအတွင်းမှာတော့ နှစ်ဖက်ထိခိုက်မှုတွေ ရှိတယ်။ ပျောက်ဆုံး ရဲဘော်တွေလည်း ရှိနေတုန်းပဲ။ စစ် တပ်က ကုန်းလမ်းကသွားရင် ၃ ခါမှာ ၁ ခါလောက်ကတော့ အပစ်ခံနေရတယ်။ ကုန်းလမ်းအစား အခု နောက်ပိုင်းစစ်ကြောင်းထိုး စစ်အင်အားဖြည့်တဲ့နေရာတွေမှာ ရေလမ်းကိုပိုပြီးတော့ အသုံးပြု လာကြ တယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ရေကြောင်းကို အဓိက အသုံးပြုလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ပွဲအတွင်း ဒဏ်ရာ ရရှိထားသော စစ်ကောင်စီတပ်သား ၃၀ ကျော်ကို လှေများဖြင့်တင်ဆောင်ကာ ဆိပ်ကမ်းမှ တစ်ဆင့် စစ်တပ်ကားများဖြင့် မြိတ်မြို့ရှိ စစ်တပ်ဆေးရုံသို့ သယ်ဆောင်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသအ ခြေစိုက် သတင်းမီဒီယာများ၏ရေးသားဖော်ပြချက်များအရ သိရသည်။