Home သတင်း ထားဝယ်စစ်ကောင်စီတပ်အိမ်ရာဝန်း လက်နက်ကြီးပစ်ခတ်ခံရ၍ ၃ဦးသေဆုံးကာ အများအပြားထိခိုက်

ထားဝယ်စစ်ကောင်စီတပ်အိမ်ရာဝန်း လက်နက်ကြီးပစ်ခတ်ခံရ၍ ၃ဦးသေဆုံးကာ အများအပြားထိခိုက်

802
Photo-CJ (လက်နက်ကြီး အပစ်ခံထိသည့် အိမ်ရာဝန်းအနီး ဂိတ်စခန်း)

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်လမ်းဆုံအနီးရှိ စစ်ကောင်စီ တပ်အရာရှိများ နေ ထိုင်ရာ တပ်အိမ်ရာဝန်းကို ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့-DGRFနှင့် ပူးပေါင်းတပ်ဖွဲ့မှ ယမန်နေ့က သွားရောက် ပစ်ခတ်ခဲ့သောကြောင့် အရာရှိ ၃ ဦးသေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း DGRF က ယနေ့သတင်းထုတ်ပြန်ထားသည်။

အိမ်ရှေ့ပြင်လမ်းဆုံ၊ အမှတ် (၁၂) တပ်မတော်ကုတင် (၁၀၀) ဆန့် ဆေးရုံအနီးရှိ စစ်ကောင်စီ အရာ ရှိများ သီးသန့်နေထိုင်ရာ အိမ်ရာအတွင်းသို့ ယမန်နေ့ နံနက် ၅နာရီ ဝန်းကျင်အချိန်ခန့်တွင် DGRF တပ်ခွဲ(၂)အဖွဲ့နှင့် ဥဩစစ်ကြောင်းတပ်ခွဲ(၁)တို့ပူးပေါင်းပြီး (၄၀ မမ) လက်နက်ကြီး ၁၀လုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း DGRF ၏ ပြန်ကြားရေးတာဝန်ခံက ယခုလိုပြောသည်။

“သွားပစ်တဲ့အချိန်က မနက်ပိုင်းဆိုတော့ လုံခြုံရေးမတင်းကြပ်ထားဘူးဗျ။ ထားဝယ်မြို့ထဲမှာလည်း ဖြစ် တယ်။ ပြီးတော့ တပ်ရင်းတွေလည်း ပတ်ပတ်လည်ရှိနေတယ်။ အခုလို သွားပစ်တာကတော့ ပထမ အကြိမ်ပဲ။ အရင်ကတော့ အခုသွားပစ်တဲ့နေရာဘေးက ဂိတ်ကိုတော့ နှစ်ခါတိတိ သွားပြီးပစ်ခတ်ခဲ့တယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်မှုကြောင့် စစ်တပ်အိမ်ရာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိသုံးဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်သော်လည်း မည်မျှထိခိုက်ဒဏ်ရာရရှိသည်ကိုမူ အတည် မပြုနိုင်သေးဘဲ အဆိုပါ အိမ်ရာဝန်းထဲသို့ နယ်ပြောင်းလာသည့် တပ်ရင်းမှူးတစ်ဦးလည်း ပျောက် ဆုံးနေကြောင်း ၎င်းတာဝန်ခံက ဆက်ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် လက်ရှိတွင် အပစ်ခတ်ခံရသည့် နေရာပတ်ဝန်းကျင်တွင် ယနေ့ နံနက် ပိုင်းအထိ လုံခြုံရေးများ တင်းကြပ်စွာချမှတ်ထားပြီး စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းလမ်းပိုင်းကို ဖြတ်သန်းသွားလာခဲ့သည့် မျက်မြင်မြို့ခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “မနေ့က မနက်အစောပိုင်းမှာလက်နက်ကြီး အသံတွေကြားလိုက်ရတယ်။ ပြီးတော့ ဆေးရုံ ကားအသံတွေဆက်တိုက်ပဲ။ ဒီလောင်းလုံးဘက်က လွှတ်တော်အိမ်ရာတို့က ခဏခဏ လက်နက်ကြီးနဲ့ ပစ်ခံထိနေတာ။ အခု ဒီမြို့ထဲကတော့ အခုမှကြားရတာ။ ပြီးတော့ ဒီနေ့ မနက်ပိုင်းလောက်ထိကို အဲ့ဒီ ဘက်မှာစစ်နေတာ။”ဟု ကေအိုင်စီ သို့ပြောသည်။

၎င်းဖြစ်စဉ်နှင့် အလားတူ ပြီးခဲ့သည့် ဇူလိုင်လ၂၃ ရက်နေ့ကလည်း ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းလွှတ် တော်ဝန်ကြီးအိမ်ရာကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အထူးပြောက်ကျား တပ်ဖွဲ့တို့ပူးပေါင်းကာ လက်နက်ကြီးများဖြင့် သုံးကြိမ်တိတိ သွားရောက်ပစ်ခတ်ခဲ့သေးသည်။