စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် ပိုင်ကလန်ကျေးရွာရှိ စစ်ကောင်စီ၏ ရေတလျောက်ဂိတ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် တိုက်ခိုက် သိမ်းပိုက်လိုက်သည်ဟု ဒေသခံများနှင့် KNLA သတင်းအရင်းအမြစ်များက အတည်ပြုပြောဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU သတ်မှတ်နယ်မြေအရ ကော့ကရိတ်မြို့နယ်တွင်ရှိပြီး မြန်မာအစိုးရ ဘက်သတ်မှတ်ချက်အရ ကြာအင်းဆိပ်ကြီးမြို့နယ်တွင်ရှိသော အဆိုပါ ဂိတ်စခန်းကို ယနေ့ နံနက် ၆ နာရီကျော်မှစ၍ KNLA ပူးပေါင်းတပ်ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကိုသိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိကြောင်း နီးစပ်သည့် ဒေသခံတစ်ဦးက ယခုလို ပြောသည်။
၎င်းက “၁၁ နာရီခွဲလောက်မှာ အကုန်သိမ်းနိုင်ပြီးတဲ့။ ပစ္စည်းတွေလည်း အကုန်သယ်ချလာပြီးတဲ့။ ခဲ ယမ်းပစ္စည်းချည်းပဲ ကားသေး ၂ စီးစာရှိတယ်တဲ့။ ဒါပေမဲ့ စစ်တပ်ထဲထွက်ပြေးသွားတဲ့သူတွေ ရှိတယ်။ အခုက စခန်းကုန်းကို ရှင်းလိုက်ပြီး” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိသည်ဟု KNLA နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောဆိုခဲ့သော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ထို့အပြင် ယနေ့တွင် ရေတလျောက်စစ်ကောင်စီဂိတ်စခန်းကို သိမ်းယူပြီးနောက် ယနေ့ ညနေတွင် အနီး အနားရှိ ဖုချိမူစခန်းကိုပါ ဆက်လက်တိုက်ခိုက်နေသည်ဟု ဒေသခံသတင်းအရင်းအမြစ်များက ကေအိုင်စီသို့ ပြောသည်။
ယနေ့ စခန်းသိမ်းတိုက်ပွဲ ဖြစ်စဉ်နှင့်ပတ်သက်ပြီး KNLA ဘက်က တရားဝင်သတင်းထုတ်ပြန်လာခြင်း မတွေ့ရှိရသေးသလို စခန်းသိမ်းတိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို သိရှိရန် သက်ဆိုင်ရာအဖွဲ့ တာဝန်ရှိသူများကို ကြိုးစားဆက်သွယ်နေဆဲ ဖြစ်သည်။



















