Home သတင်း ကွီလုံတိုင်စခန်းကို စစ်ကူလာသည့် စစ်ကောင်စီတပ်များ နှစ်ပတ်နီးပါးကြာအထိ ဆက်သွား၍မရသေး

ကွီလုံတိုင်စခန်းကို စစ်ကူလာသည့် စစ်ကောင်စီတပ်များ နှစ်ပတ်နီးပါးကြာအထိ ဆက်သွား၍မရသေး

1108
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတုန်းက ကွီလုံတိုင်စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များ တက်ရောက်သိမ်းပိုက်ခဲ့စဉ် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ-(photo KNLA)

စက်တင်ဘာလ ၁၃ ရက်၊ ၂၀၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ (၆) ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ကွီးလုံတိုင်စစ်ကောင်စီတပ်စခန်းကို စစ်ကူလာသည့် စစ်ကောင်စီ တပ်အင်အား ၁၀၀ နီးပါးသည် နှစ်ပတ်နီးပါးခန့်ကြာသည်အထိ ဆက်တိုး၍ မရဘဲလမ်းခုလပ်တွင်သာ ရောက်ရှိကြောင်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့ကတည်းက ဖုချိမူ စစ်ကောင်စီ တပ်စခန်းမှ တဆင့်တက်လာပြီး ထိုင်းနိုင်ငံနယ်နိမိတ်အတွင်းရှိ လေးတော်ခို့ကျေးရွာအနီးတွင် တစ်ပတ် ကျော်ကြာ တပ်စွဲနေထိုင်ကာ လက်ရှိအချိန်တွင် မြန်မာနိုင်ငံဘက်ခြမ်း ထီးမော်ထကျေးရွာအနီးတွင် ပြန်လည် ပြောင်းရွှေ့တပ်စွဲနေဟု နယ်မြေခံ KNLA တပ်ရင်း ၁၇ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက“ဒီတစ်ဖက်ဟာ ကွီလုံးတိုင်စခန်းဘက်ကိုသွားဖို့က သူတို့သွားလို့ မပေါက်သေးဘူး။ ဘာဖြစ်လဲဆိုရင် အဲဒီစခန်းကိုသွားရင် ဟောင်သရောချောင်းကို ကူးရမယ်ဆိုတော့ကူးလို့ မရအောင်ဒီဘက်က စောင့်ပြီး ပစ်တာရှိတော့ သူတို့ကကျော်လို့ မရဘူး။ ပြီးတော့သူတို့က မဲ့တရောခီး ပြီးတော့ ထိုင်းဘက်ခြမ်း လေးတော်ခို့ ဘက်ခြမ်းကိုလည်း ဝင်သေးတယ်။ ဘယ်လိုဝင်လဲတော့မသိဘူး”ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ စစ်ကူသွားသည့်စစ်ကောင်စီတပ်သည် ခြေမြန်တပ်ရင်း( ခမရ-၅၅၇)၊ (ခမရ-၅၆၁)၊( ခမရ -၃၃၉ ) စသည့် တပ်ရင်း(၃)ရင်းက ပူးပေါင်းတက်ရောက်လာခြင်းဖြစ်ပြီး တပ်ရိက္ခာနည်းလာသည့်အတွက် အချို့သည် ထိုင်း နိုင်ငံဘက်ခြမ်းရှိ ကျေးရွာထဲသို့ လက်နက်အပြည့်အစုံဖြင့် သွားရောက်စျေးဝယ်ခြင်းရှိသလို ထွက်ပြေးသွားသော တပ်သားအချို့လည်းရှိကြောင်း အဆိုပါ KNLA တာဝန်ရှိသူက ဆိုသည်။

ထိုင်းပိုင်နက်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်အင်အားအပြည့်အစုံနှင့် ဝင်ရောက်နေထိုင်သည့် ကိစ္စနှင့်ပတ်သက်၍ ထိုင်းသတင်းမီဒီယာသမားတစ်ဦးက “ နယ်စပ်မှာ ထိုင်းဘက်က စစ်ကောင်စီတပ်ကို တွေ့ဆုံပြီးပြီ။ ဗမာစစ်တပ်ဘက်ကတော့ သူတို့ လူအင်အားကို ထုတ်ဖော်ပြောတာ မရှိဘူး။ ပြောတာက သူတို့စား စရာမရှိတော့လို့ ထိုင်းဘက်ကို စားစရာ လာဝယ်တာပဲလို့ ပြောတယ်။ ဝင်လာရင် လက်နက်အပြည့် အစုံနဲ့တော့ ဝင်လာဖို့မလိုဘူးလေ။ သူတို့နေတာက ထိုင်းနဲ့ နီးနီးပဲဆိုတော့တိုက်ပွဲဖြစ်ရင် ဒီဘက်က စိုးရိမ်ရတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ ပိုင်နက်အနီးတွင် စစ်ကောင်စီတပ်အင်အား အလုံးအရင်းဝင်လာသည့်အတွက် ဒေသခံများစိုးရိမ် ကြောက်ရွံ့နေကြသောကြောင့် ထိုင်းလုံခြုံရေးတပ်ဘက်မှလည်း နယ်စပ်တွင် လုံခြုံရေး အားတိုးချဲ့ထားခြင်းများ လုပ်ဆောင်လာသည်ဟု ဒေသခံများထံမှ သိရသည်။

ကွီလုံတိုင်စစ်ကောင်စီတပ်စခန်းတွင် ခြေမြန်တပ်ရင်း( ခမရ-၃၃၉၊ )၊ (ခမရ- ၅၆၁)တပ်ရင်း(၂)ခုမှ အင်အား ၃၀ ကျော် တပ်စွဲနေထိုင်ပြီး လက်ရှိတွင် ရိက္ခာများပြတ်လာသလို လူအင်အားလည်း နည်းလာသောကြောင့် စစ်ကောင်စီဘက်မှ မြေပြင်အင်အား စစ်ကူပို့လာသည့်အပြင် လေကြောင်းပစ်ကူတိုက်ခိုက်မှုလည်း မကြာခဏ လုပ်ဆောင်ပေးလေ့ရှိကြောင်းလည်း KNLAဘက်မှ ဆိုသည်။

ထိုင်းနယ်စပ်တွင် စစ်ကောင်စီစစ်ကူပို့ဆောင်ရန် မြေပြင်လမ်းကြောင်းတွင် နယ်မြေခံ KNLA ပူးပေါင်းတပ်ဘက်မှ ကြားဖြတ်တိုက်ခိုက်သည့်အတွက် အဆိုပါ စစ်ကူများသည် စစ်ကောင်စီ ဖုချိမုစခန်းအထိ ရဟတ်ယာဉ်နှင့် တစ်ဆင့်စစ်ကူပို့ဆောင်ပေးနေရသည်ဟု နယ်မြေခံ KNLAဘက်က ပြောသည်။