Home သတင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်လေးပင် ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေရ

လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်လေးပင် ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေရ

458
Photo: KNU

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ တပ်မဟာ(၃)နယ်မြေ၊ မုန်းမြို့နယ် ကျေးရွာများသို့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ် ယာဉ် ၃ စီးဖြင့် ၁၃ ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာ ၆ ရွာမှ ဒေသခံပြည်သူစုစုပေါင်း (၅,၂၉၅) ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူ ဗဟိုက ယနေ့တွင် သတင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်ဖြင့်် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဟော်ခိုဂေါကျေးရွာ၊ မယ်တလင်ကျေးရွာ၊ ဆင်းပုလဲကျေးရွာ၊ လူအရွာ၊ မယ်တလင်ရွာနှင့် ထွာနီကုန်းရွာအတွင်းရှိ နေအိမ် အ ဆောက်အဦး ပျက်စီးဆုံးရှုံးမှုများရှိနေသည့်အပြင် ၎င်းကျေးရွာများထဲသို့ စစ်ကောင်စီတပ်များက ဝင်ရောက် တပ်စွဲလာသည့်အတွက် အိမ်ခြေစုစုပေါင်း (၉၄၇)လုံးမှ လူဦးရေစုစုပေါင်း (၅,၂၉၅)ဦးမှာ နေရပ်စွန့်ခွာခဲ့ရခြင်းဖြစ်သည်။

အလားတူ မုန်းနှင့် ကျောက်ကြီး မြို့နယ်များထဲရှိ ကျေးရွာများထဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း မကြာ ခဏပြုလုပ်နေလျက်ရှိကြောင်းလည်း ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

Photo: KNU

လက်ရှိ စစ်ဘေးရှောင်နေရသည့် ဒေသခံများအနေဖြင့် မိုးကြီးရေလျှံမှုများကြောင့် စစ်ဘေးအပြင် ရေး ဘေးနှစ်ခုစလုံးကိုပါ ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် ဒေသခံပြည်သူများအနေဖြင့် စာနပ်ရိက္ခာများ၊ ဆေးဝါးများနှင့်နေရာထိုင်ခင်း အမိုးအကာများ စသည့်အရေးပေါ်လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး မုန်းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီနှင့် ကေအဲန်ယူ−သတင်းနှင့်ပြန်ကြားရေးဗဟိုသို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထိုသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် လူ့အခွင့်အရေးချိုး ဖောက်နေမှုများသည် ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေအတွင်းသာမက အခြားသော တပ်မဟာ (၆) ၊ တပ်မဟာ(၁)၊ တပ်မဟာ(၅)၊ တပ်မဟာ(၄)နှင့် တပ်မဟာ(၂) နယ်မြေများတွင်လည်း အလားတူ လုပ်ဆောင်မှုများရှိနေပြီး သိန်းနှင့်ချီသည့် ဒေသခံများလည်း စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်ဟု သိရသည်။