စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းရှိ ကျောက်တံခါးကျေးရွာသို့ ပြီးခဲ့သည့် စက်တင်ဘာလ(၁၉)ရက်နေ့က တကျော့ပြန်စစ်ကြောင်း ဝင်ရောက်လာသော စစ်ကောင်စီ တပ်များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ဒေသခံအမျိုးသားနှစ်ဦး ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အဆိုပါကျေးရွာအတွင်းတွင် နှစ်ရက်တာ စခန်းချနေထိုင်ခဲ့သော စစ်ကောင်စီတပ်များသည် စက်တင်ဘာလ (၁၈) ရက်နှင့် (၁၉) ရက်နေ့တို့တွင်လည်း တကျော့ပြန်၍ ကျေးရွာအတွင်း ဝင်ရောက် စခန်းချနေထိုင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရွာမှပြန်လည်ထွက်ခွာသည့် စက်တင်ဘာလ(၂၀)ရက်နေ့တွင် အသက်(၁၇)နှစ်နှင့် အသက်(၃၀)နှစ်အရွယ်ရှိ ရွာခံအမျိုးသားနှစ်ဦးအား လမ်းပြအနေဖြင့် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းက ပြန်လွတ်ပေးလိုက်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုအတည်ပြုပြောဆိုသည်။
“ကလေးနှစ်ယောက် ဒီနေ့မနက်ပဲ ပြန်လွတ်လာတယ် ။ ထိခိုက်ဒဏ်ရာရတာ တော့မရှိဘူး။ စစ်တပ် လည်း သူတို့တပ်စခန်းဘက် သူတို့ ပြန်တက်သွားကြပြီ။ ကျန်တဲ့သူတွေက ပထမတစ်ခေါက် ရွာထဲသူတို့ ဝင်လာကတည်းက စစ်ရှောင်ကြတာ အခုတော့ ရွာထဲပြန်ဝင်နေ နေပါပြီ။ ကျမတို့က ယာခင်းတွေဘာတွေလုပ်စားတော့ အဲဒီထဲတွေပဲ လိုက်ရှောင်နေရတာပေါ့။ စစ်တပ်မရှိတော့ရင် အိမ်ပြန်သူတို့ပြန်ဝင်လာရင် ယာခင်းထဲပြန်ပြေး၊ ဒီလိုနဲ့ပဲ လည်ပတ်နေတာပဲ။” ဟု ၎င်းက ကေအိုင်စီသို့ ယနေ့ပြောသည်။
ထို့အတူ အဆိုပါ စစ်ကောင်စီတပ်များ ပြန်ထွက်သွားသည့် စက်တင် ဘာလ(၂၀)ရက်နေ့က ကျောက် တံခါးကျေးရွာအနီးတွင် နယ်ခံတော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု မြေပြင် သတင်းအရင်းအမြစ်များမှ သိရှိရသော်လည်း ထိခိုက်မှုရှိမရှိ အသေးစိတ်ကိုမူ မသိရှိရသေးပေ။
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့၊ ရွှေကျင်မြို့တို့နှင့်လည်း နီးစပ်လျက်ရှိသော ကျောက်တံ ခါးကျေးရွာတွင် အဆိုပါမြို့များမှ တိုက်ပွဲကြောင့် တိမ်းရှောင်နေထိုင်သူများလည်း လက်ရှိအချိန်ထိ ခိုလှုံနေထိုင်လျက်ရှိသည်ဟု သိရသည်။
ဒေသခံတစ်ဦးက “ရွာမှာက ရွှေကျင်နဲ့ရေတာရှည်ဘက်က ပြေးလာတဲ့သူတွေလည်း ရှိတယ်။ အချို့ကတော့ စာသင်ကျောင်းမှာနေ တချို့က သိတဲ့သူနဲ့သွားနေ ဒီလိုပဲနေကြတာပေါ့။ စစ်တပ် ဝင်လာတော့လို့ ပြေးရတော့ သူတို့လည်း ထပ်ပြေးရတာပဲ။ အခုရက်ပိုင်း ရွှေကျင်က တချို့တွေကတော့ ပြန်တက်သွားကြပါပြီ ရှိတဲ့သူကလည်းရှိနေသေးတယ်။” ဟု လက်ရှိရွာအခြေအနေကို ပြောပြသည်။
၎င်းအပြင် စစ်ကောင်စီက ဒေသအတွင်း ဆန်၊ ဆီနှင့် ဓါတ်ဆီသယ်ဆောင်ခွင့်ကို တားမြစ်ထားသဖြင့် ကုန်ဈေးနှုန်းများ မြင့်တက်၍ပစ္စည်းရှားပါးမှုရှိသလို ရေတာရှည်မြို့နယ်အတွင်းသို့ ဝင်ရောက်သည့် စစ်တောင်းမြစ်ကူး တံတားဂိတ်တွင်လည်း အစစ်အဆေးများ များပြားလျက်ရှိကြောင်း သံတောင်မြောက်ပိုင်းဒေသခံများ၏ ပြောဆိုမှုအရ သိရှိရသည်။
သံတောင်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်အတွင်းရှိပြီး နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ မြေပြင်တိုက်ပွဲနေ့စဉ်လိုလို ဖြစ်ပွားလေ့ရှိသည်။ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးသုံး တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ သုံးသောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ၏ ယခု ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအထိ မှတ်တမ်းအရ သိရသည်။