Home သတင်း မုန်းဒေသတွင် စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုအကြိမ်ရေ ၅၀၀ကျော်ရှိခဲ့

မုန်းဒေသတွင် စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုအကြိမ်ရေ ၅၀၀ကျော်ရှိခဲ့

104
Photo: KPSN

စက်တင်ဘာလ(၁၉)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းမှ ယခု စက်တင်ဘာလ(၁၆)ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးသုံး ပစ်ခတ်မှု အကြိမ်ရေ (၅၀၀) ကျော်လုပ်ဆောင်ခဲ့ကြောင်း မုန်းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီ၏ ယနေ့ထုတ်ပြန်ထားချက်အရ သိရသည်။

စစ်ကောင်စီက မြို့နယ်အတွင်းရှိကျေးရွာများသို့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၁၀၁) ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု(၄၅၁)ကြိမ် လုပ်ဆောင်ခဲ့သလို မြေပြင်စစ်ကြောင်းထိုးဝင်ရောက်၍ ပြည်သူပိုင် ပစ္စည်းများ မီးရှို့ ဖျက်ဆီးခြင်း၊ ရွာအတွင်း မိုင်းထောင်ခြင်းများပါ လုပ်ဆောင်ခဲ့သောကြောင့် ကျေးရွာ (၁၅)ရွာမှ ဒေသခံ တစ်သောင်းကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“အခုလက်ရှိက ကျေးရွာ(၁၀)ရွာလောက်က လုံးလုံးပြန်လို့မရတဲ့အခြေအနေရှိတယ်။ အဲဒီလူတွေက တစ်ရွာ ချင်း စာရင်းလိုက်ကောက်လို့မရပေမယ့် တစ်သောင်းကျော်လောက်က ရှောင်နေရတယ်။ အခုလောလော ဆယ် လမ်းကြောင်းပိတ်ဆို့ထားတာတွေလည်း များတယ်” ဟု ကော်မတီဝင်တစ်ဦးက ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ပစ်ခတ်မှုများကြောင့် ဒေသခံအမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးသေဆုံးကာ (၁၀)ဦးခန့် ထိခိုက် ဒဏ်ရာရရှိ၍ (၃)ဦးမှာ အတင်းအကြပ်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း ကော်မတီက ဆိုထားသလို ဒေသခံများ စစ်ဘေးတိမ်းရှောင်နေစဥ် အလုပ်အကိုင်ကောင်းစွာ မလုပ်ကိုင်နိုင်သောကြောင့် လယ်ယာ မြေများ ယိုယွင်းပျက်စီးခြင်းနှင့် တွေ့ကြုံနေရသည်ဟုလည်း KNU က စက်တင်ဘာလ(၁၈)ရက်နေ့တွင် ထုတ်ပြန် ထားသည်။

ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီဝင်က “မိုးတွေအရမ်းရွာတော့ စစ်ရှောင်တွေက ဖျားနာလို့ ဆေးကုစရာ ဆေးဝါးမလုံလောက်တာတွေရှိတယ်။ စားစရာသယ်ပို့ဖို့ လမ်းကြောင်းလည်း ခက်ခဲသလို ကုန် ဈေးနှုန်းတက်တော့ ပြည်သူတွေအတွက် စားဝတ်နေရေးရော ကျန်းမာရေးအတွက်ရော အများကြီး တွေ့နေ ရတယ်” ဟု ဆိုသည်။

Photo: KPSN

ထို့အတူ ကော်မတီ၏ထုတ်ပြန်ချက်တွင် ပြည်သူလူထုပစ်မှတ်ထားတိုက်ခိုက်နေမှုအား ချက်ချင်းရပ်တန့်ရန်၊ စစ်ဘေးရှောင်များ၏စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် လိုအပ်သောအကူအညီများ ပေးရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံတကာသို့ တောင်းဆိုထားသည်။

ဆက်လက်၍ စစ်ကောင်စီ၏အဆိုပါလုပ်ရပ်များအား ရပ်တန့်နိုင်ရေး အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အတွက်လည်း ပြည်တွင်းပြည်ပရှိ ကရင်အရပ်ဖက်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အား စုများနှင့် နိုင်ငံတကာအစိုးရများ၊ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်သူ အသင်းအဖွဲ့များအား ကော်မတီက ထုတ်ပြန် ချက်တွင် ဆက်လက်ထည့်သွင်းတောင်းဆိုထားသည်။

ညောင်လေးပင်ခရိုင်တွင် ယခုနှစ်အတွင်း စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုများ၏ နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်လာသလို မုန်းမြိုနယ်တစ်ခုတည်းအားဖြင့် ယခု ဇွန်လပိုင်းအထိ စစ်ဘေးတိမ်းရှောင်သူဦးရေ သုံးသောင်းကျော်ရှိနေပြီး ခရိုင်တစ်ခုလုံးအနေဖြင့် စစ်ဘေးရှောင် နှစ်သိန်းကျော်အထိ ရှိလာကြောင်း ကရင် အရပ်ဖက်အဖွဲ့များ၏ ပြောဆိုမှုအရ သိရသည်။