စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ(၁) သထုံမြို့နယ် မင်းလွင် ကျေး နယ် ပိန္နဲတောကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပြီးခဲ့သည့်စက်တင်ဘာလ (၈)ရက်နေ့က ပစ်ခတ် သည့် လက်နက်ကြီးကြောင့် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၈)ရက်နေ့ ညနေ ၄ နာရီအချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်၍ ပိန္နဲတောအလယ်ရွာ ကုလားတန်းတွင် တစ်လုံးကျကာ အသက်(၁၃)နှစ်အရွယ် မောင်ဇော်ဖြိုးဦး ထိခိုက် ဒဏ်ရာ ရရှိပြီး ဝမ်းဘဲအင်းကျေးရွာတွင်လည်း လက်နက်ကြီး သုံးလုံးကျရောက်ပေါက်ကွဲသဖြင့် အသက် (၃၈)နှစ်ရှိ နော်ခိုင်ခိုင်လည်း ဒဏ်ရာရှိသည့်အပြင် လူနေအိမ် (၃)လုံးလည်း ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသခံတစ်ဦးက “ပိန္နဲတော စစ်ကောင်စီစခန်းက ခဏခဏလက်နက်ကြီးပစ်တယ်။ ဒေသခံလူထုတွေ ထိခိုက် သေဆုံးတာလည်း ခဏခဏပဲ။ ဘာမှမပြောချင်တော့ဘူး၊ လူထုတွေက တော်တော်ဒုက္ခရောက်တယ် မလုံခြုံဘူး။ ပြီးတော့ သူတို့ပစ်မှတ်တွေကလည်း ကျေးရွာတော်တော်များများမှာ ရောက်တယ်။ တိုက်ပွဲမဖြစ်လည်း ပစ်ချင်တဲ့ အချိန်ပစ်တာဘဲဆိုတော့ လူထုတွေကတော့ အမြဲစိုးရိမ်စိတ်နဲ့ နေရတာပေါ့ ” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စက်တင်ဘာလ (၁၀)ရက်နေ့တွင်လည်း အဆိုပါ ပိန္နဲတောစစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး ခြောက်လုံးကျေးရွာများထဲတွင် ထပ်မံပစ်ခတ်သည့်အတွက် သထုံမြို့နယ် စူးအင်းကျေးနယ် ကျုံမိန် ကျေးရွာအနီးဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းလည်းရှိကြောင်း ကေအဲန်ယူဘက်မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလတုန်းကလည်း ၎င်းစစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတစ်ဦး လက်နက်ကျည်ထိမှန်သေဆုံးရပြီး အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
မွန်ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ(၁) နယ်မြေထဲတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များသည် နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်၏ ကြားဖြတ်တိုက်ခိုက်သည့်အတွက် ဇူလိုင်လမှစတင်၍ ယခင်လိုစစ်ကြောင်းမထိုးတော့ဘဲ စခန်းအတွင်းသာအခြေချကာ ကျေးရွာများထဲသို့ လက်နက်ကြီး များနှင့် ပစ်ခတ်လုပ်ဆောင်နေကြောင်း နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဘက်က ဆိုသည်။