Home သတင်း စစ်ကောင်စီမှ မုန်းမြို့နယ်အတွင်းရှိ ပြည်သူ ၃ ဦးကိုဖမ်းဆီးပြီး နေအိမ် ၁၂ လုံးကိုမီးရှို့သွား

စစ်ကောင်စီမှ မုန်းမြို့နယ်အတွင်းရှိ ပြည်သူ ၃ ဦးကိုဖမ်းဆီးပြီး နေအိမ် ၁၂ လုံးကိုမီးရှို့သွား

564
Photo: KNU

စက်တင်ဘာလ ၁၈ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာ များအတွင်းသို့ စက်တင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ၃ ဦးကိုဖမ်းဆီးကာ နေအိမ် ၁၂ လုံးကိုမီးရှို့သွားကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

မုန်းမြို့နယ်အတွင်းရှိ ငထွေစုတ်ကျေးရွာနှင့်မျက်ရဲကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်များက စစ်ကြောင်း ထိုးဝင်ရောက်လာပြီး အသက်၆၀ နှစ်အရွယ် နော်ဒိုဂေ၊ အသက်၅၀နှစ်အရွယ်နော်ဒိုင်ရီစိုး နှင့် အသက်၃၀ နှစ်အရွယ် မမြသန်းစိန် စသည့်ပြည်သူ ၃ ဦးကိုအကြောင်းမဲ့ ဖမ်းဆီးသွားသည့်အပြင် နေအိမ်၁၂ လုံးကိုလည်းမီးရှို့ခဲ့သောကြောင့် ဒေသခံလူထု(၁,၆၀၀)မှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကေအဲန်ယူထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဖြစ်စဉ်မှာ ငထွေစုကျေးရွာနှင့် မျက်ရဲကျေးရွာများအတွင်း စစ်ကောင်စီမှ စစ်ကြောင်းထိုးတပ်စွဲပြီး နေအိမ်မီးရှို့ခြင်းနှင့် ဖမ်းဆီးမှုများကြောင့် စက်တင်ဘာလ ၁၅ ရက်နေ့က ရေလဲကရင်ကျေးရွာနှင့်ရေလဲဗမာကျေးရွာမှ အိမ်ခြေစုစုပေါင်း (၁၉၂) လုံးမှ ဒေသခံ လူဦးရေ (၁,၅၃၄) ဦးသည် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသလို ရန်မျိုးအောင်ရွာ နှင့် တမောမရွာရှိ နောက်ထပ် အိမ်ခြေ (၁၂) လုံးမှ ဒေသခံ(၇၀)ဦးခန့်လည်းထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၎င်း(၇၀)ဦးမှာ စစ်ဘေးအပြင် ရေဘေးအန္တရယ်ကိုပါ ကြုံတွေ့နေရကြောင်း ကေအဲန်ယူဗဟိုက ဆိုသည်။

ထို့အပြင် မုန်းမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်အနေဖြင့် ကျေးရွာအတွင်း တပ်စွဲထားသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း ၎င်းတို့ စိုက်ပျိုးထား သည့် လယ်ကွင်းများအတွင်းသို့ ကျွဲး၊နွားများဝင်ရောက်ကာ စားသောက်ကြသောကြောင့် ကျေးရွာပြည်သူများ၏ လယ်ယာ ပျက်စီးဆုံးရှုံးမှုများလည်း ဖြစ်ပေါ်နေကြောင်း ကေအဲန်ယူက ဆက်လက်ဖော်ပြထားသည်။

Photo: KNU

ထိုသို့ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်သွားသည့် ဒေသခံပြည်သူများအတွက် အခြေခံ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်အမိုးအကာ လိုအပ်ချက်များလည်း ရှိကြောင်း သိရသည်။

ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေအတွင်းရှိ မြို့နယ်များတွင်ဖုန်းလိုင်း၊ အင်တာနက်လိုင်းမကောင်းခြင်း၊ မိုးရွာသွန်း၍ အသွား အလာလမ်းပိုင်းများပျက်စီးနေခြင်းကြောင့် ၎င်းနယ်မြေအတွင်းရှိ ဒေသခံ ကျေးရွာသားများအနေဖြင့် စစ်ဘေးရှောင်နေရသည့်အပြင် အသွားအလာခက်ခဲမှုနှင့် ဆက်သွယ်ရေး ပြတ်တောက်မှုများလည်း ကြုံတွေ့နေရကြောင်း ဒေသခံသတင်း အရင်းအမြစ်များထံမှသိရသည်။

စစ်ကောင်စီတပ်များသည် ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ကြောင်းထိုးမှုများပြုလုပ်ခြင်းနည်းတူ အခြားသော ကေအဲန်ယူ တပ်မဟာများတွင်လည်း အလားတူ လုပ်ဆောင်မှုများရှိကြောင်း သက်ဆိုင်ရာ တပ်မဟာ အသီးသီး ထုတ်ပြန် ချက်တွင် ဖော်ပြထားကြောင်းတွေ့ရသည်။