စက်တင်ဘာ ၁၃ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) ဝင်းရော်ဒေသ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုတွင် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ ၅ ကြိမ်မြောက် စစ်ကြောင်းထိုးစစ်ဆင်လာနေ၍ ဌာနေလူထုအများအပြား ထပ်မံတိမ်းရှောင်နေကြရပြန်သည်ဟု ဒေသခံရွာသားများထံမှ သိရသည်။
မွန်ပြည်နယ်၊ မုဒုံမြို့နယ် တောင်ညိုတောင်တန်းဘက်နှင့် ကျိုက်မရောမြို့နယ် တောင်ကလေး၊ ကနာလုံရွာ ဘက်မှ တစ်ဆင့် KNU ဝင်းရေးမြို့နယ် ခလယ်တံခွန်တိုင် ကျေးရွာအုပ်စု မြို့ဟောင်းကျေးရွာထဲသို့ ယမန်နေ့ ညနေ ၃ နာရီ ကျော်အချိန်တွင် ကျေးရွာရှိ စာသင်ကျောင်းများနှင့် လူနေအိမ်များတွင် ဝင်ရောက် တပ်စွဲထားလျက်ရှိသည့်အတွက် တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်၍ ဒေသခံလူထုများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဝင်းရော်ဒေသများက ပြောသည်။
“ မနေ့က ညနေ ၃ နာရီကျော်လောက်မှာ ရွာထဲစစ်ကြောင်းတွေရောက်လာတယ်။ စာသင်ကျောင်းလည်း ချက်ချင်းပိတ်ထားလိုက်ရတယ်ပေါ့နော်။ သူတို့က စာသင်ကျောင်းဝင်းထဲမှာရော၊ ရွာထဲမှာရော အခြား နေရာတွေပါ ရှိနေကြတယ်။ ရွာသားတွေကကြောက်တော့ ပြေးနေကြပြီးလေ” ဟု ဒေသခံရွာသားတစ်ဦးက ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။
KNU ဝင်းရေးမြို့နယ် ဝင်းရော်ဒေသတွင် စက်တင်ဘာ ၉ ရက်နေ့မှစတင်၍ ဘုရားသုံးဆူ-သံဖြူ ဇရပ်လမ်းမကြီးရှိ ကျေးရွာအနီးများနှင့် မွန်-ကရင်နယ်စပ် တောင်ညို တောင်တန်းတို့ဘက်တွင် စစ်ကြောင်းထိုး လာနေလျက်ရှိပြီး ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နှစ်ဖက်ထိတွေ့မှု အချို့လည်း ရှိနေသည်ဟု စစ်မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။
တံခွန်တိုင်ရွာ ရဲစခန်းဝင်းတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ကြာအင်းဆိပ်ကြီးမြို့ ခြေမြန်တပ်ရင်း -ခလ၇ (၃၂) နှင့် နယ်ခြားစောင့်တပ် -BGF အမှတ် ၁ဝ၂၁ တပ်ဖွဲ့ဝင်တို့ ပူးပေါင်းတပ်စွဲနေရာယူထားလျက်ရှိသည်။ အဆိုပါစခန်းမှ စားနပ်ရိက္ခာပြတ်လပ်လာနေ၍ ဒေသခံနှင့်ခရီးသွားလာနေသူများကို ဖမ်းဆီးပြီး ရိက္ခာများဖြင့် လဲလှယ်ပေးပြီးမှ ပြန်လွှတ်ပေးလေ့ရှိသည်ဟု ဖမ်းဆီးခံခဲ့ရသူများထံမှ သိရသည်။
တံခွန်တိုင်ရွာ စစ်ကောင်စီရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် မကြာ ခဏပစ်ခတ်လျက်ရှိသလို မွန်ပြည်နယ် အဘစ်ရွာ အမြှောက်တပ်ရင်းမှလည်း ၁၂၀ မမ၊ ၁၂၂ မမ လက်နက်ကြီးများဖြင့် မကြာခဏ လှမ်းပစ်ခတ်သည့်အတွက် ကျေးရွာလူနေအိမ်များ ထိမှန်ပျက်စီးခဲ့ကာ အရပ်သား ၃ ဦး ကျည်ထိမှန်သေဆုံးပြီး ၁ဝ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။



















