Home သတင်း စစ်ကောင်စီတပ်၏ ရေတလျောက် စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို KNU ထုတ်ပြန်

စစ်ကောင်စီတပ်၏ ရေတလျောက် စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို KNU ထုတ်ပြန်

573
Photo: KNU

စက်တင်ဘာလ ၁၅ ရက်၊၂၀၂၃ ခုနှစ်၊ ကေအိုင်စီ

ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့က ရိတ်မြို့နယ် ထိုင်း-မြန်မာနယ်စပ် ပိုင်ကလန်ကျေးရွာ အနီးတွင်တည်ရှိ သော စစ်ကောင်စီတပ်၏ ရေတလျောက်စခန်းသိမ်းတိုက်ပွဲတွင် သိမ်းဆည်း ရမိသော လက်နက်ခဲယမ်းအမြောက်အများကို ကေအဲန်ယူ ဒူးပလာယာခရိုင်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ စစ်ကောင်စီစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း (၁၈) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ယမန်နေ့ စက်တင်ဘာလ ၁၄ရက်၊ နံနက် (၇း၅၅) မိနစ်မှ စတင်၍ ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ နံနက် (၈း၂၀) မိနစ် အချိန်ခန့်တွင် စခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း မြောက်များစွာ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

၎င်းစခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ (၉) ဦးသေဆုံးပြီး အခြားတပ်သားများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ KNLA – တော်လှန်ရေး ပူးပေါင်းတပ်ဖွဲမှလည်း (၃) ဦး ဒဏ်ရာရပြီး (၁) ဦးမှာ သေဆုံးခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အာဏာသိမ်း စစ်ကောင်စီတပ် ရေတလျောက် စခန်းမှ သိမ်းဆည်းရမိသော လက်နက်များမှာ MA-1 (၁) လက်၊ MA-2 (၂) လက်၊ MA-3 (၁) လက်၊ MA-4 ပူးတွဲ (၂) လက်၊ RPG-7 (၁) လက်၊ 60mm ပြောင်းတို (၂) လက်၊ ပစ္စတို (၂) လက် နှင့် ငါးကြင်းမြိး စက်လက် (၁) လက် တို့ဖြစ်ပြီး ခဲယမ်း ကျည်ဆံနှင့် အခြားပစ္စည်းများမှာ RPG-7 ကျည် (၇၀) လုံး၊ 81mm ကျည် (၄၀) လုံး၊ 60mm ကျည် (၁၁၀) လုံး၊ M-79 ကျည် (၄၀) လုံး၊ 5.56 ကျည် (၂၈၀၀) တောင့်၊ 7.62 ကျည် (၈၀၀) တောင့်၊ တိုက်မိုင်း (၂၀) လုံး၊ နင်းမိုင်း (၂၃) လုံး၊ ရှေ့ထွက်မိုင်း (၃) လုံး၊ ဆက်သွယ်ရေးစက်ကြီး (၁) လုံး၊ မြေပုံ (၁) ရွက်၊ လက်ပစ်ဗုံး (၂၀) လုံး နှင့် Compass (၂) လုံးတို့ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Photo: KNU

KNU – အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) အတွင်းတွင် တည်ရှိသော အာဏာသိမ်း စစ်ကောင်စီတပ်စခန်းများမှာ KNLA – တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များမှ စီးနင်းတိုက်ခိုက်မှုအဖြင့် သော်လည်းကောင်း၊ ပျောက်ကျား ပစ်ခတ်မှု အဖြင့်သော်လည်းကောင်း နယ်မြေကျူးကျော် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား KNLA – တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်မှုအဖြင့် သော်လည်းကောင်း နေ့စဥ်နှင့်အမျှ ပြုလုပ်နေသည့်အတွက် အာဏာသိမ်းစစ်ကောင်စီတပ်မှ သေဆုံး ဒဏ်ရာရ ဦးရေများပြားလာကြောင်းလည်း ကေအဲန်ယူ ဒူးပလာယာခရိုင်က ပြောသည်။

ထို့အပြင် စခန်းတွင်းရှိ အာဏာသိမ်း စစ်ကောင်စီတပ်များ နှင့် ၎င်းတို့၏ မိသားစုများမှာလည်း စိတ်ဓာတ်ပိုင်းအရ သော်လည်းကောင်း ကျဆင်းလျက်ရှိကာ အာဏာဖြင့်အကြမ်းဖက်အုပ်ချုပ်နေသော ၎င်းတို့၏ တပ်အား စွန့်ခွာထွက်ပြေး၍ KNU – ကရင်အမျိုးသားအစည်းအရုံး နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထံသို့ လာရောက်ပူးပေါင်းခဲ့ခြင်းများစွာလည်း ရှိနေသည်ဟုလည်း ဆိုထားသည်။